spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်း၆၆ ကြိမ်မြောက် ရန်ကုန်မွန်အမျိုးသားနေ့ အလုပ်အမှုဆောင်အဖွဲ့ရွေးချယ်ဖွဲ့စည်း

    ၆၆ ကြိမ်မြောက် ရန်ကုန်မွန်အမျိုးသားနေ့ အလုပ်အမှုဆောင်အဖွဲ့ရွေးချယ်ဖွဲ့စည်း

    -

    မင်းသုတ – လာမည့် ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့တွင်ကျရောက်မည့် ၆၆ ကြိမ်မြောက် မွန်အမျိုးသား နေ့ကျင်းပရေးကော်မတီအား ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားလမ်း တောင်ဘက်မုခ်ရှိ မွန်ဓမ္မာရုံ၌ ယမန်နေ့တွင် ရန်ကုန် အလုပ်အမှုဆောင်အဖွဲ့သစ်ကို ရွေးချယ်ဖွဲ့စည်းလိုက်သည်။

    ယမန်နှစ်တွင် ဖွဲ့စည်းခဲ့သော ၆၅ ကြိမ်မြောက် ရန်ကုန်မွန်အမျိုးသားနေ့ကျင်းပရေးကော်မတီအား ဖျက်သိမ်းခဲ့ပြီး ယခုနှစ်အတွက် ကော်မတီသစ်တစ်ရပ် ဖွဲ့စည်းခြင်းဖြစ်သည်ဟု ရန်ကုန် မွန်အမျိုးသားနေ့ကျင်းပရေးကော်မတီ အထွေထွေအတွင်းရေးမှူး နိုင်စိုးကြည်က ပြောသည်။

    ၆၅ ကြိမ်မြောက် ရန်ကုန်မွန်အမျိုးသားနေ့အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်ခဲ့စဉ်(Internet)
    ၎င်းက “ဒီနေ့အစည်းအဝေးက ကော်မတီတွေရွေးချယ်တဲ့အစည်းအဝေးပွဲဖြစ်တယ်၊ အခမ်း အနားဘယ်လို ကျင်းပသွားမလဲ ဆိုတာကို လာမယ့်အစည်းအဝေးကျမှပဲ ဆုံးဖြတ်ချက် ချမယ်” ဟု ပြောသည်။

    ယခုနှစ်ကျင်းပရေးကော်မတီဝင်အဖြစ် ဥက္ကဌ နိုင်ဖေတင်၊ ဒုဥက္ကဌ(၁) နိုင်စောဦး၊ ဒုဥက္ကဌ(၂) မိကွန်းချစ်ချစ်၊ ဒုဥက္ကဌ(၃) မိကျင်သန်း၊ အထွေထွေအတွင်းရေးမှူး နိုင်စိုးကြည်၊ တွဲဖက်အတွင်း ရေးမှူး(၁) မင်းချိုဝင်း၊ တွဲဖက်အတွင်းရေးမှူး(၂) မင်းရာဇာ၊ တွဲဖက်အတွင်းရေးမှူး(၃) မိနီလာခင် ၊ ဘဏ္ဍာရေးမှူး မင်းစိုးအောင် အပါအဝင် ကော်မတီဝင် ၃၅ ဦးပါဝင်သည်ဟု သိရသည်။

    ယမန်နှစ် ရန်ကုန်-မွန်အမျိုးသားနေ့အခမ်းအနားကို ဖေဖော်ဝါရီလ ၈ ရက်နေ့ နံနက်ပိုင်းတွင် သံဃာတော်များအားဆွမ်းဆပ်ကပ်လှူဒါန်းခြင်းနှင့် တိုင်းရင်းသားကျေးရွာတွင် သင်္ကြာန်ထမင်းဖြင့် ဧည့်ခံကျွေးမွေး၍ ညနေပိုင်း၌ ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်တွင် မွန်တိုင်းရင်းသားရိုးရာ ဖျော်ဖြေပွဲများ ကျင်းပခဲ့ကြသည်။

    နိုင်စိုးကြည်က “မနှစ်က အခမ်းအနားထက် ပိုပြီးကောင်းအောင် ကျင်းပနိုင်ဖို့ရည်ရွယ်ထားပါတယ်၊ ရန်ကုန် မွန်အမျိုးသားနေ့ကျင်းပရေးအတွက် (နိုင်ထွန်းအုံ) မိပန်းကြည် မိသားစုက ငွေကျပ်သိန်းတစ်ရာ ထာဝရ ရံပုံငွေထည့်ပေးထားတယ်၊ မွန်အမျိုးသားလုပ်ငန်းရှင်တွေ၊ တစ်ဦးချင်းထည့်ဝင်ငွေတွေနဲ့ဆိုရင် ရန်ကုန်မွန်အမျိုးသားနေ့ကို စည်စည်ကားကား ကျင်းပဖို့ရံပုံငွေလုံလောက်ပါတယ်” ဟု ပြောသည်။

    ရန်ကုန်မြို့ မွန်အမျိုးသားနေ့အခမ်းအနားသည် ၁၉၈၈ ခုနှစ်အထိ သိမ်ဖြူကွင်းတွင် မွန်ရိုးရာလက်ဝှေ့ပွဲ အပါအဝင် ရိုးရာပျော်ပွဲရွှင်ပွဲများဖြင့် နှစ်စဉ်ကျင်းပလာခဲ့ပြီး နောက်ပိုင်းတွင် ပဒုမ္မာကဇာတ်ရုံသို့ ပြောင်းရွှေ့ကျင်းပခဲ့ရသည်။

    အကြိမ် ၅၀ မြောက် ရွှေရတုသဘင်ကို ၁၉၉၇ ခုနှစ်တွင် ပဒုမ္မာကဇာတ်ရုံ၌ ကျင်းပခွင့်ပိတ်ပင် ခံထားရာမှ ယမန်နှစ် ၆၅ ကြိမ်မြောက် အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ရုံးက ပြန်လည် ကျင်းပခွင့်ပေးခြင်း ဖြစ်သည်။

    မွန်အမျိုးသားနေ့အခမ်းအနားကို တပိုတွဲလပြည့်ကျော်(၁) ရက်နေ့ကို သတ်မှတ်ခဲ့ပြီး ၁၉၄၈ ခုနှစ်မှစတင်ကျင်းပလာခဲ့ရာ နောက်ပိုင်းတွင် မွန်ဒေသများရှိ မြို့ရွာများတွင် ပွဲလမ်းသဘင်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။

    အလားတူ မြို့နယ်အားလုံးပေါင်းဆုံသော ၆၆ ကြိမ်မြောက် မွန်အမျိုးသားနေ့ကျင်းပရေး ကော်မတီ(ဗဟို)ကို မော်လမြိုင်မြို့တွင် လွန်ခဲ့သည့် စက်တင်ဘာ ၁၆ ရက်နေ့၌ဖွဲ့စည်းခဲ့ရာ ဥက္ကဌ နိုင်တင်အောင် နှင့် အထွေထွေအတွင်းရေးမှူး နိုင်လယီတမ တို့ကို ရွေးချယ်ခဲ့ကြသည်။

    ၆၅ ကြိမ်မြောက် မွန်အမျိုးသားနေ့ကျင်းပရေးကော်မတီ(ဗဟို) ဥက္ကဌ ဒေါက်တာမင်းကြည်ဝင်းက “ကော်မတီအဟောင်းကို ဖျက်သိမ်းပြီး ဒီနှစ်အတွက်ကော်မတီအသစ်ရွေးခဲ့ပြီးပြီ၊ ဒီနှစ် မွန်အမျိုးသားနေ့ဗဟိုအဆင့်ကို ပေါင်မြို့မှာ ကျင်းပဖို့ ဆုံးဖြတ်ချက်ချထားတယ်” ဟု ပြောသည်။

    မွန်အမျိုးသားနေ့ဗဟိုအဆင့်ကို ၁၉၉၇ ခုနှစ် ရွှေရတုအခမ်းအနားမှ စတင်သတ်မှတ်ခဲ့ကြပြီး တစ်နှစ်လျှင်မြို့နယ်တစ်ခု အလှည့်ကျကျင်းပလာခဲ့ရာ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာ၌ ယမန်နှစ်တွင် ကျင်းပခဲ့ပြီး ဖြစ်သည်။

    ယခင်ကာလများထက် ဘောင်ကန့်သတ်ချက်များစွာမရှိပဲ သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် မွန်အမျိုးသားနေ့အခမ်းအနားများကို ပိုမိုလွတ်လပ်စွာကျင်းပနိုင်ခဲ့သည်ကို တွေ့ရှိလာရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks