spot_img
Wednesday, March 4, 2026
More
    spot_img
    Homeသတင်းအရှေ့တောင်အာရှ အမျိုးသမီးများ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အဖြေရှာရန် ဆွေးနွေး

    အရှေ့တောင်အာရှ အမျိုးသမီးများ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အဖြေရှာရန် ဆွေးနွေး

    -

    ရဲမွန် – အရှေ့တောင်အာရှ နိုင်ငံများရှိ ဌာနေတိုင်းရင်းသား အမျိုးသမီးများအပေါ် ဖွံ့ဖြိုးရေး စီမံကိန်းကြောင့် ကျရောက်သည့် လူအခွင့်အရေး ချိုးဖောက်မှုများကို ဝိုင်းဝန်းအဖြေရှာသည့် အလုပ်ရုံဆွေးနွေးပွဲတခုကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ယမန်နေ့တွင် ကျင်းပခဲ့ကြောင်း ဆွေးနွေးပွဲ တက်ရောက်သူများထံမှ သိရသည်။

    ဆွေးနွေးပွဲကို Asia Indigenous Peoples Pact (AIPP) ခေါ် အာရှဌာနေတိုင်းရင်းသား သဘောတူညီချက် စာချုပ်အဖွဲ့နှင့် ကုလသမဂ္ဂဆိုင်ရာ အမျိုးသမီးအဖွဲ့ (UN Women) တို့ ကမကထလုပ်ကာ ကျင်းပခြင်း ဖြစ်ပြီး မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှ ၁၁ နိုင်ငံမှ ကိုယ်စားလှယ် ၅၀ ကျော် တက်ရောက်ခဲ့သည်။

    ဌာနေတိုင်းရင်းသားအရေးနှင့်ပတ်သက်၍ ထိုင်းနိုင်ငံတွင်ကျင်းပခဲ့ပုံ(AIPP)
    “အရှေ့တောင်အာရှ အမျိုးသမီးတွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အခက်အခဲပြဿနာတွေကို ဘယ်လိုဝိုင်းဝန်းဖြေရှင်းကြမယ် ဆိုတာကို ဆွေးနွေးတယ်။ အဓိကကတော့ ဒေသခံတွေရဲ့ အခက်အခဲ့ပေါ့” ဟု မြန်မာနိုင်ငံ ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သူ ဒေါ်ဘောက်ဂျာက ပြောသည်။

    မြန်မာကိုယ်စားလှယ်အဖြစ် အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ (NDF) မှ ဒေါ်ဘောက်ဂျာနှင့်အတူ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) မှ အမျိုးသမီးတဦးလည်း တက်ရောက်ခဲ့သည်။

    အရှေ့တောင်အာရှနိုင်ငံများ၏ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများမှာ အသွင်သဏ္ဍာန် တူညီသော်လည်း မြန်မာနိုင်ငံ အနေနှင့် အဆိုးဆုံး အခြေအနေ ရှိကြောင်း ဒေါ်ဘောက်ဂျာက ပြောသည်။

    “ဒီအရှေ့တောင်အာရှမှာ ဖြစ်နေတဲ့ အဖြစ်အပျက်တွေ အားလုံးက ခပ်ဆင်ဆင်ပါပဲ။ အားလုံးနီးပါးလောက် တူကြတယ်။ ဖွံ့ဖြိုးရေး စီမံကိန်းတွေကြောင့် ဖြစ်ရတဲ့ လယ်မြေသိမ်းခံရတဲ့ ပြဿနာတွေပေါ့။ ဒါပေမဲ့ တခြားနိုင်ငံတွေက ကျမတို့ ဗမာပြည်ကို မမီဘူး” ဟု သူမက ပြောသည်။

    သူမအနေနှင့် ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ဖြစ်ပွားလျက် ရှိသည့် မြေယာသိမ်းဆည်းမှု ပြဿနာများ၊ လက်ရှိ အစိုးရစစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများနှင့် ၎င်း၏အကျိုးဆက်များကို ထောက်ပြဆွေးနွေးခဲ့သည်ဟု ဆိုသည်။

    “လယ်ယာမြေတွေ အသိမ်းခံလိုက်ရတော့ မိသားစု စားဝတ်နေရေး ခက်ခဲလာတယ်။ ကလေးတွေ ပညာမသင်နိုင်ဘူး။ ဒီကလေးတွေက မိသားစု စားဝတ်နေရေးအတွက် ဖြစ်ရာနည်းလမ်းတွေနဲ့ ဝိုင်းကူငွေရှာရတယ်။ နည်းလမ်းလွဲတာတွေ ရှိလာတယ်။ ရောင်းစားခံရတာတွေ ရှိလာတယ်” ဟု သူမက ဆက်ပြောသည်။

    ဆွေးနွေးပွဲမှ ရရှိသည့် နည်းလမ်းများကို သက်ဆိုင်ရာ မိမိနိုင်ငံအလိုက် ဖြေရှင်းပြီး အာရှဌာနေတိုင်းရင်းသား သဘောတူညီချက် စာချုပ်အဖွဲ့သို့ တင်ပြကာ ၎င်းမှတဆင့် ကုလသမဂ္ဂဆိုင်ရာ အမျိုးသမီးအဖွဲ့သို့ တင်ပြမည် ဖြစ်ကြောင်း သိရသည်။

    အာရှ ဌာနေတိုင်းရင်းသားများ သဘောတူညီချက် စာချုပ်အဖွဲ့ (AIPP) သည် ဌာနေတိုင်းရင်းသားများအရေးကို ကုလသမဂ္ဂဆိုင်ရာ အမျိုးသမီးအဖွဲ့ (UN Women) နှင့် ပူးပေါင်းလုပ်ဆောင်နေသည့်အဖွဲ့ ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks