spot_img
Friday, February 14, 2025
More
    spot_img
    Homeသတင်းမြန်မာနိုင်ငံသား ၃၀ ကျော် ရနောင်းတွင် ဖမ်းဆီးခံရ

    မြန်မာနိုင်ငံသား ၃၀ ကျော် ရနောင်းတွင် ဖမ်းဆီးခံရ

    -

    ရဲမွန် – တရားမဝင် နိုင်ငံခိုးဝင်မှုဖြင့် မြန်မာနိုင်ငံသား ၃၄ ဦးကို စက်တင်ဘာလ ၂၃ ရက်နေ့က မြန်မာနိုင်ငံ တောင်ဘက်စွန် ကော့သောင်းမြို့ တဘက်ကမ်းရှိ ရနောင်းမြို့တွင် ဖမ်းဆီးခံရကြောင်း ရနောင်းမြို့မှ အလုပ်သမား ကိုယ်စားလှယ်များက ပြောသည်။

    ရနောင်းတွင် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများ (Photo -http://www.khaosod.co.th)
    “ရနောင်း အဝင်ပေါ့၊ အဲဒီမှာ စစ်တပ်ဂိတ်နဲ့ တော်မော် (လဝက) ဂိတ်ရှိတယ် အဲနေရာမှာ မိတယ်၊ ပဲ့ချိတ်သမားက ရေထဲခုန်ချသွားတယ်” ဟု ရနောင်းမြို့မှ ရွှေ့ပြောင်းအလုပ်သမား ကိုယ်စားလှယ်တဦး ဖြစ်သူ နိုင်မွန်ချမ်း က ပြောသည်။

    ကော့သောင်းမှ တဆင့် ရနောင်းမြို့သို့ စက်လှေဖြင့် ခိုးဝင်စဉ် လူကုန်ကူးသူ အပါအဝင် အမျိုးသား ၂၇ ဦးနှင့် အမျိုးသမီး ၇ ဦးကို ထိုင်း လူဝင်မှု ကြီးကြပ်ရေးက ဖမ်းဆီးရမိခြင်း ဖြစ်သည်။ ဖမ်းဆီးခံရသူများတွင် ကလေး ၃ ဦးလည်း ပါဝင်ကြောင်း သိရသည်။

    လက်ရှိတွင် ရနောင်းမြို့ရှိ လူဝင်မှု ကြီးကြပ်ရေးရုံးတွင် လူကုန်ကူးမှု တားဆီးရေးအဖွဲ့မှ စစ်ဆေးနေပြီး၊ မည်ကဲ့သို့ အရေးယူမည်၊ မြန်မာနိုင်ငံသို့ ပြန်ပို့မည် သို့မဟုတ် ဖမ်းဆီးထောင်ချမည်ကို မသိရသေးကြောင်းလည်း နိုင်မွန်ချမ်း က ပြောသည်။

    ယခုလလယ်ပိုင်းမှ စ၍ ထိုင်းနှင့် မြန်မာတို့ ပူးပေါင်းပြီး လူကုန်ကူးမှု တားဆီးရေး ကော်မတီကို ဖွဲ့စည်းထားကာ ရနောင်းဘက်ကမ်းတွင် စစ်ဆေးမှုများ ယခင်ကထက် ပိုမိုလုပ်ဆောင်လာသော်လည်း မြန်မာဘက်ခြမ်းတွင် သေချာစွာ ကိုင်တွယ်မှု မရှိသေးကြောင်း ဒေသခံများက ပြောသည်။

    “ခုဟာက မြန်မာနိုင်ငံဘက်က ကြပ်ကြပ်မတ်မတ် မလုပ်လို့ လွတ်သွားတာ၊ မြန်မာဘက်ခြမ်းမှာလည်း လူကုန်တားဆီးရေးအဖွဲ့ ရှိတာပဲ၊ ဖွဲ့ထားတာ တပတ်လောက်ပဲ ရှိသေးတယ်” ဟု ကော့သောင်းမြို့မှ ကိုဝင်းထွန်း က ပြောသည်။

    မြန်မာနိုင်ငံတွင် နိုင်ငံရေး အပြောင်းအလဲ စတင်နေပြီဟု ဆိုသော်လည်း အောက်ခြေလူထုထံ မရောက်ရှိသေးသည့်အတွက် အလုပ်လက်မဲ့ ပြဿနာကြောင့် ထိုင်းနိုင်ငံသို့ ဝင်ရောက်လုပ်ကိုင်မှုများ ယခင်ကထက် ပိုမိုများပြားနေကြောင်း ရောင်ခြည်ဦး အလုပ်သမားအဖွဲ့ခေါင်းဆောင် ကိုမိုးဆွေ က ပြောသည်။

    “ဒီ ၂၀၁၂ အတွင်းမှာပဲ စက်ရုံအလုပ်သမားတွေ လစာအရမ်းနည်းလို့ သပိတ်မှောက်တာတွေ ဖြစ်တယ်၊ အခြေခံ လူတန်းစားတွေရဲ့ လယ်ယာမြေတွေ အသိမ်းခံနေရတယ်၊ ဒီလို အခက်အခဲ ရှိတဲ့အခါကျတော့ ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်မှုတွေက ဆက်ပြီး ရှိနေဦးမှာပဲ” ဟု ကိုမိုးဆွေ က ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    32,900SubscribersSubscribe
    spot_img

    Latest posts