spot_img
Saturday, June 21, 2025
More
    spot_img
    Homeသတင်းKNU နှင့် အစိုးရ တတိယအကြိမ် ဆွေးနွေးပွဲ အစီအစဉ်ပျက်

    KNU နှင့် အစိုးရ တတိယအကြိမ် ဆွေးနွေးပွဲ အစီအစဉ်ပျက်

    -

    အာကာ – ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင် ဟိုတယ်တွင် သြဂုတ်လ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့ထိ သုံးရက်ကြာ ပြုလုပ်မည့် တတိယအကြိမ် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲကိစ္စကို အစိုးရဘက်က ရက်ရွှေ့ဆိုင်းလိုက်သည့်အတွက် ဆွေးနွေးပွဲ အထမမြောက်တော့ကြောင်း ကရင်အမျိုးသား အစည်းအရုံး KNU က သဘောထား ထုတ်ပြန်လိုက်သည်။

    မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ KNU ကိုယ်စားလှယ်များအားမော်လမြိုင်မြို့တွင်ကြိုဆိုခဲ့စဉ်။
    “ကျမတို့ဘက်က ဆက်သွယ်ရေး တာဝန်ခံနဲ့ အစိုးရဘက်က ဆက်သွယ်ရေး တာဝန်ခံတို့ တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီးတော့ ဆွေးနွေးဖို့ ရွှေ့ဆိုင်းလိုက်တဲ့ သတင်းကို ကျမတို့ လက်ခံ ရရှိပါတယ်” ဟု KNU ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ နော်မေဦး က ပြောသည်။

    အစိုးရ ကိုယ်စားလှယ်များနှင့် ချိန်းဆိုထားသည့် ရက်တွင် မဆွေးနွေးနိုင်သည့်အတွက် ပြည်သူများ အထင်အမြင် လွဲမှားခြင်း မရှိစေရန်အတွက် သြဂုတ်လ ၂၅ ရက် နေ့စွဲဖြင့် ၎င်းတို့၏ သဘောထားကို ထုတ်ပြန်ရခြင်း ဖြစ်သည်ဟု နော်မေဦး က ပြောသည်။

    ရက်ရွှေ့ဆိုင်းလိုက်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းသည့် အကြောင်းပြချက် မရှိပဲ၊ အရေးပေါ် ကိစ္စနှင့် မအားလပ်သည့်အတွက် ရွှေ့ဆိုင်းလိုက်ခြင်း ဖြစ်သည်ဟု အစိုးရဘက်မှ နှုတ်အားဖြင့် အကြောင်းကြားလာခဲ့ကြောင်း သူမက ပြောသည်။

    ပြည်ထောင်စုအဆင့် အစိုးရ ကိုယ်စားလှယ်များနှင့် တတိယအကြိမ် ဆွေးနွေးရာတွင် ဆွေးနွေးမည့် အကြောင်းအရာ၊ နေ့ရက်နှင့် နေရာများကို သတ်မှတ်နိုင်ရန်အတွက် နှစ်ဘက်ကိုယ်စားလှယ်များ သြဂုတ်လ ၅ ရက်နေ့တွင် အကြိုညှိနှိုင်းမှု တရပ်ကို မြဝတီမြို့၌ ပြုလုပ်ခဲ့သည်။

    တတိယအကြိမ် ဆွေးနွေးပွဲတွင် KNU အနေနှင့် ပြည်သူလူထုဘဝ လုံခြုံမှုကို အာမခံပေးနိုင်ရန်အတွက် တပ်များ ပြန်လည်နေရာချထားရေးနှင့် နှစ်ဦးနှစ်ဘက် လိုက်နာရမည့် အပစ်အခတ် ရပ်ဆိုင်းရေးဆိုင်ရာ ကျင့်ဝတ်စည်းကမ်းများကို ပေါင်းစပ်ညှိနှိုင်း ချမှတ်ပြီး အကောင်အထည်ဖော် လုပ်ဆောင်သွားရန် ဆိုသည့် သဘောတူချက်ကို အသေးစိတ် ဆွေးနွေးသွားရန် စီစဉ်ထားခြင်း ဖြစ်သည်။

    “ကျနော်တို့ နယ်မြေအနီးမှာ အစိုးရဘက်က စခန်းတွေကို ပိုပြီး ခိုင်မာအောင် လုပ်နေတယ်။ လက်နက်တွေ ပို့နေတယ်။ စိုးမိုးနယ်မြေ တိုးချဲ့တာပေါ့ဗျာ။ ဒီတော့ တိုက်ပွဲတွေ ပြန်ဖြစ်လာမှာပဲ။ ဒါ့ကြောင့် အဲဒီကျင့်ဝတ်တွေကို ချမှတ်နိုင်အောင် ဆွေးနွေးဖို့ စီစဉ်ထားတာ ဖြစ်တယ်” ဟု KNU ဒု-ဥက္ကဋ္ဌ စောဒေးဗစ်သာကပေါ က ပြောသည်။

    KNU အနေနှင့် အစိုးရနှင့် ညှိနှိုင်းတိုင်ပင်ပြီး မှန်ကန်သောစေတနာ သဘောထားအပေါ် အခြေခံကာ နှစ်ဦးနှစ်ဘက်အတွက် အဆင်ပြေမည့် တတိယအကြိမ် တွေ့ဆုံဆွေးနွေးရေး ရက်ကို အမြန်ဆုံး အကောင်အထည် ဖော်နိုင်ရန် လုပ်ဆောင်သွားမည်ဟုလည်း KNU ၏ သဘောထား ထုတ်ပြန်ချက်တွင် ပါရှိသည်။

    KNU သည် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ပြည်နယ် အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့ပြီး ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်၊ တနင်္သာရီတိုင်း ထားဝယ်ဒေသ၊ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့နှင့် ကရင်ပြည်နယ် မြဝတီမြို့များတွင် ဆက်ဆံရေးရုံးများ ဖွင့်လှစ်ခဲ့ပြီး ဖြစ်သည်။

    အစိုးရတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် စစ်မှန်သည့် နိုင်ငံရေး ဆွေးနွေးရန် ဆန္ဒမရှိဘဲ စီးပွားရေး ဖွံ့ဖြိုးရေး ကိစ္စများကိုသာ အသားပေး ဆွေးနွေးနေကြောင်း KNU ဥက္ကဋ္ဌ စောတာမလာဘော၏ သြဂုတ်လ ၁၂ ရက်နေ့တွင် ကျရောက်သည့် ၆၂ ကြိမ်မြောက် ကရင်အာဇာနည်နေ့ မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    35,400SubscribersSubscribe
    spot_img

    Latest posts