စောထွန်းအေး – ဥပဒေ နောက်ထပ်မတိုး လိုက်ပါနဲ့။ သူ့အမေ ကြောက်တတ်တဲ့ အမျိုးဟာမို့ လို့ မခံနိုင်လွန်းသည့် အဆုံး ထွက်ပေါ်လာရသည့် အသံဖြစ်ပါသည်။ လယ်သမားတွေ ဖြူကာပြာကာကျ၊နိုင်ငံသားတွေ သိန်း သန်း မက တိုင်းတပါးထွက် အလုပ်လုပ်ရ၊ ကိုယ့်နိုင်ငံတွင်းကျတော့ ကုလား တရုတ်က အပြည့်။ ပညာရှိ ဗဟု တွေက အသိညာဏ်ပညာ တစက်ကယ်မှ မရှိ။ ထွက်လာသမျှ ဥပဒေတွေက အခြေခံစီးပွားရေးကို ရွှေ့နိုင်လောက်သည့် တွန်းအားက ပါမလာ။ ထွက်ပြီးသား ဥပဒေကိုသော်မှ ပြန်ဖြည့် ၊ ပြန်ရပ်ဆိုင်း၊ ငါ့လှေငါထိုး ပဂိုး ရောက်ရောက်။ ခရီးကား မပေါက်။
ငယ်ငယ်က လယ်ကြွက်မ ပုံပြင်ထဲကလို ”လယ်ကြွက်မ ဆီပြန်သွား” ခိုင်းရပါမည်။ လယ်ယာမြေ ဥပဒေ ထုတ်သည့် သူများ လယ်ကွင်းထဲဆင်း ရွံ့ပေခံရဲပါ့မလား။ ကျန်တာ လာမပြောပါနဲ့တော့။ လွတ်လပ်ရေး အရယူနိုင်ခဲ့သည့် ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ၁၉၅၉ ခုနှစ် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ပဉ္စမ အကြိမ် အစည်းအဝေးကြီးက ထိန်းသိမ်းကာကွယ်ကြရန် ပန်ကြားလွှာတစောင် ထုတ်ပြန်ခဲ့သည်ကို သမိုင်းအသိ ရှိရန် လိုပါသည်။ လယ်သမား သားသမီးများဖြစ်သည့် သမဂ္ဂ ခေါင်းဆောင်များ၏ ကျေးဇူးသစ္စာကို ဂုဏ်ပြုရပါမည်။ မြေရှင်စနစ်ကို ဖျက်သိမ်းမည်။ မည်သည့်နည်းနှင့်မျှ လယ်ယာမြေ အမြောက်အများ ပိုင်ဆိုင်ခွင့်ကို ခွင့်မပြု။ နိုင်ငံခြားသား မြေယာပိုင်ဆိုင်မှုကို မပြုလုပ်ရ။ စသည့် လယ်သမားဘက်က ပြတ်ပြတ်သားသား ကာကွယ်သည့် ဥပဒေများ ရှိခဲ့သည်။ ယခုကား ပြောင်းပြန်။ ကောင်းသည့် ဥပဒေများကို အကုန်ဖျက်။ ဆင်းရဲစုတ်ပြတ်အောင် လုပ်တဲ့နေရာမှာတော့ တော်တယ်ပြောရပါမည်။ ကြံ့ဖွံ့အစိုးရ လွှတ်တော်က ထွက်ပြီးသား မြေယာဆိုင်ရာ ဥပဒေနှစ်ခုကို ဦးဆုံး ပြန်လည်ပြင်ဆင် အသစ်ပြန်လည် ရေးဆွဲသင့်ပါသည်။ ယခင်ရှိပြီးသား လယ်သမား အခွင့်အရေးကာကွယ်သည့် ဥပဒေ ပုဒ်ထီး ပုဒ်မများကို မပယ်ဖျက်သင့်ပါ။ လယ်ကွင်းထဲက ထွက်ပေါ်လာသည့် အသံတု မဟုတ်သော အသံစစ်စစ်ကို ဦးစွာပထမ နားထောင်တတ်ဖို့လိုမည် ထင်ပါသည်။ ”ပြီးခဲ့သော လွှတ်တော်မှ မြေယာဥပဒေကို အချိန်ယူ သုံးသပ်နိုင်ခြင်းမရှိဘဲ၊ ပြဋ္ဌာန်းလိုက်သဖြင့် ယခု ယင်းဥပဒေတွင် ပြောစရာ အချက်များ ရှိလာနေသည်ကို ရေးသားချက်များ တွေ့ရှိနေရခြင်း ဖြစ်သည်။” ဟု ပြောလာတော့၊ ဖျားနာတဲ့ အဆင့်မဟုတ်ဘဲ၊ လူနာ ခွဲစိတ်ခန်းထဲ ရောက်နေသည်ကို ခုမှသိလို့၊ အော် တော်ပါသေးရဲ့ ပြောရပါမည်။ ဥပဒေတွေ ရပ်ဆိုင်းလိုက်ရ။ ပြန်ပယ်ဖျက်ရ။ ဘာကြောင့်ပါလဲ။ ဥပဒေကြမ်း ရေးဆွဲရေး နည်းလမ်းက လုံးဝ မှားယွင်း၍ ဖြစ်ကြောင်း ထောက်ပြလိုပါသည်။
”တရုတ်ဥပဒေကြမ်းကော်မတီနှင့် တွေ့ဆုံရာတွင် ၎င်းတို့၏ လုပ်ပုံလုပ်နည်းများကို ပြောပြခဲ့ရာမှ သိရှိလာခဲ့ခြင်းဟု ဆိုပါသည်။” ဟု ကြားလိုက်ရပါသည်။ လုပ်ထုံး လုပ်နည်း အဆင့်ဆင့်ကို မည်သို့ မည်ပုံ လယ်သမားထုထဲ ဆင်းသည်ကိုတော့ မဖော်ပြပါ။ လယ်ထဲ မဆင်းရဲလို့လား။ လေ့လာ အတုယူရပါမည်။ တရုတ်မှ မဟုတ် ဖိလစ်ပိုင်၊ အင်ဒိုနိရှား၊ ကျူဘားက အစ နိုင်ငံတကာ အတွေ့အကြုံ ရှိရပါမည်။ အမေ လူထု ဒေါ်အမာ စကားနှင့် ပြောရမည် ဆိုလျှင် ”ငှက်ပျောသီး တလုံးနဲ့ အချိုမကုန်သင့်ပါ။” ကိုယ့်နိုင်ငံ တိုးတက်ဖို့ဆိုလျှင် နက်နက်ရှိုင်းရှိုင်း လေ့လာရေး ကျယ်ပြန့်ရပါမည်။
အမှန်အတိုင်း ပြောရလျှင် လယ်ယာမြေဆိုင်ရာမူ မရှိသည့် ဥပဒေများသည် လယ်သမားများအား လိမ်ညာမှုသာ ဖြစ်လိမ့်မည်။ မူဆိုသည်မှာ ပန်းချီကား တချပ် စရေးဆွဲသည့် ကောက်ကြောင်းနှင့် တူပါသည်။ ဘယ်မူနဲ့ သွားမလဲ။ နိုင်ငံတော် လက်ဝါးကြီးအုပ် မြေရှင်ကြီး စနစ်နဲ့ သွားနေသည်ကို ကိုယ့်ကိုယ်ကိုယ် အစိုးရတရပ်အနေဖြင့် ဝေဖန်သင့်ပါသည်။ လယ်သမား လူတန်းစားလူ့အလွှာကို ချေဖျက်ပစ်နေသည်။ ပဒေသရာဇ် မြေရှင် သွေးစုတ်မှုရော၊ လက်ဝါးကြီး မြေယာအရင်းရှင် သွေးစုတ်မှုရော ရှိနေပါသည်။ ယခင်က တစုံတရာ မြေယာတော် လှန်ရေးရှိနေသဖြင့် တော်လှန်ရေးအင်အားစု ကိုပြိုင်ဆိုင်နေရ၍ လယ်သမားများ အမြင်ကောင်း အောင် ဥပဒေများ လိုချင်သည်ဖြစ်စေ မလိုချင်သည်ဖြစ်စေ ဆန္ဒမပါဘဲ ထုတ်ခဲ့ကြရသည်။ ထို့ကြောင့် သွေးစုတ်မှု အနည်းအကျဉ်း သက်သာရာ ရခဲ့သည်။ ခုတော့ အသားကုန် ကိုယ်လုပ်ချင်ရာ လုပ်လိုက်တော့ ပြဿနာက ပိုကြီးထွားမည့် ဥပဒေများ ပေါ်လာသည်။ နောက်ဆုံး ဧက ရှစ်သောင်း ပိုင်ဆိုင်ခွင့်၊ လုပ်ပိုင်ခွင့် ပေးသည့် မြေလွတ်၊ မြေရိုင်း ဥပဒေနှင့် လယ်ယာမြေ ဆိုင်ရာဥပဒေက အဆိုးတကာ့အဆိုးဆုံးဖြစ်နေသည်။ ဘယ်လမ်းလျှောက်မလဲ။
ထွန်နဲ့နွား ၊ထွန်နဲ့နွား။ စည်းချက်က ကျပြီးသား နဂိုအတိုင်း သွားမလား။ အော်ထားသည်က ဈေးကွက်စီးပွား။ ပုဂ္ဂလိကပိုင်ဆိုင်ခွင့်ကို ခွင့်မပြုလိုသော ဈေးကွက်စီးပွားရေးကို မြန်မာနိုင်ငံတွင်သာ တွေ့နိုင်မည် ထင်ပါသည်။ ဦးပိုင်နှင့် နိုင်ငံတော်ပိုင် စီးပွားရေးဥပဒေများက ထိပ်ကွက်စီးပွားရေး လုပ်ထားသည်။ အာဏာပိုင် စစ်အုပ်စုနှင့် အာဏာကပ်ပါး စီးပွားရေး ဓါးပြများ (ဝါ) ခရိုနီ များလက်ထဲတွင် ဓန နှင့် အာဏာ ရှိသည်။ လယ်သမားများမှာတော့ မြေယာနဲ့ချည်ပြီး တုတ်ပြီး သွေးစုတ်ခံနေရသည်။ လယ်သမားများ ကြွေးမြီ ပြန်မဆပ်နိုင်သည့် အခြေအနေတွင် ငွေမဲကို အဖြူဆုံးငွေဖြစ်အောင် လုပ်ပေးမည့် နိုင်ငံခြားဘဏ် ၁၁ ခုကို ဖွင့်လိုက်ကြောင်း တွေ့မြင်နေရသည်။ ပုဂ္ဂလိက လယ်ယာမြေ ပိုင်ဆိုင်ခွင့် ဆိုသည်မှာ လယ်သမားများအတွက် ရည်ရွယ်ချက် အဓိက ဖြစ်ရပေမည်။ ခုတော့ နိုင်ငံခြားသား ပိုင်ဆိုင်နိုင်ရန် ပြဋ္ဌာန်းလာခြင်းမှာ နိုင်ငံကျွန်ဘဝ ပြန်သွားချင်လို့လားဟု ဗြောင်မေးရပါတော့မည်။ နောက်ကြောင်း မပြန်လိုကြောင်း မောင်းထုနေသော်လဲ လက်တွေ့တွင် သမိုင်းဘီး နောက်ပြန်လှည့်ရန် လေလည်ပြနေသည်။ ပွင့်လင်းမြင်သာသည့် လူ့အဖွဲ့အစည်းက သတင်းခေတ် စတင်ကတည်းက ဖုံးဖိမရတော့ပါ။ ခေတ်ပြောင်းပြီလေ။
နည်းဥပဒေ ဆိုသည်မှာ ဥပဒေကို လက်တွေ့အကောင်အထည်ဖော်ရသည့် အလုပ်လမ်း ညွှန်ဖြစ်ပါသည်။ ဥပဒေကမှ မတရားလျှင် နည်းဥပဒေက မတရားမှုကို ကိုုယ်စားပြု လက်တွေ့ အကောင်အထည် ဖော်ပါတော့မည်။ ပြဿနာက နှုရာဝဲစွဲ၊ လဲရာ သူခိုးထောင်း ခံရမှာက လယ်သမားထုကြီး တရပ်လုံးဖြစ်ပါသည်။ စုစည်း ညီညွတ်ကြခြင်းသာ အားဖြစ်ပါသည်။
လက်ရှိ အခြေအနေတွင် လယ်ယာမြေ ဥပဒေနှင့် ပတ်သက်သည့် နည်းဥပဒေများကို မကြာမီ ထုတ်ပြန်တော့မည် ဖြစ်ကြောင်း၊ ထို့ကြောင့် ပြဋ္ဌာန်းပြီး ဖြစ်သည့် လယ်ယာမြေဥပဒေနှင့် ပေါ်ပေါက်လာမည့် နည်းဥပဒေ လုပ်ထုံး လုပ်နည်းများနှင့် အညီ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့များက ဆောင်ရွက်သွားမည်ဟု သိရပါသည်။ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ဦးတင်ထွတ်၊ ဇလွန် မဲဆန္ဒနယ်၏ ”လယ်ယာမြေများ သိမ်းဆည်းခံရခြင်းများအား စုံစမ်းလေ့လာ ဖော်ထုတ်ပြီး တောင်သူလယ်သမားများ နစ်နာမှုမရှိစေရေး တရားမျှတစွာ ဖြေရှင်း ဆောင်ရွက်ပေးရန်” အဆိုကို ပြည်ထောင်စု လွှတ်တော်၏ အဆုံးအဖြတ် ရယူရာတွင် ထောက်ခံမဲ ၃၉၅ ၊ ကြားနေမဲ ၂၄ ၊ ကန့်ကွက်မဲ ၁၇၆ မဲ ရှိခဲ့ခြင်းကြောင့် စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်း ရန် ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့ပါသည်။ ကန့်ကွက်မဲ ၁၇၆ မဲသော်မှ ရှိခဲ့သည်ကို လည်း သတင်းမီဒီယာများမှ အမည်စာရင်းကို ထုတ်ဖော်ပေးရန် လိုပါသည်။
လယ်ယာစိုက်ပျိုးရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးအုန်းသန်းက ”၁၉၈၈ ခုနှစ်နောက်ပိုင်း န ဝ တ အစိုးရ အဖွဲ့နှင့် န အ ဖ အစိုးရ အဖွဲ့ကာလ သိမ်းဆည်းခဲ့သည့် မြေယာများကို ခွဲခြမ်းစိတ်ဖြာ စိစစ်လျှင် ယခင်အစိုးရများကာလ ထိုစဉ်က ဥပဒေကြောင်းနှင့် ညီညွတ်စွာ စီမံကိန်းပါ စီမံချက်အတိုင်း ပြီးစီးသွားသည့် သိမ်းဆည်းခံ မြေယာများနှင့် ပတ်သက်၍ လုပ်ငန်းများ ပြီးစီးခဲ့ပြီး ဖြစ်ပါသဖြင့် ပြန်လည်ဖြေရှင်း ဆောင်ရွက်ပေး နိုင်မည့် အခြေအနေ မရှိပါကြောင်း တင်ပြအပ်ပါတယ်။” ဟု ပြောကြားထားသည်မှာ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၄၅ တွင်” န ဝ တ နှင့် န အ ဖ တို့၏ ဆောင်ရွက်ချက်များ၊ တာဝန်များနှင့် ရပိုင်ခွင့်များကို လည်းကောင်း ဆက်ခံသည်။ ” ဟုပြဋ္ဌာန်းချက်ကို ငြင်းပယ်ထား ကြောင်း ထင်ရှားစွာ တွေ့ရှိရသည်။ တာဝန်ယူမှု ၊ တာဝန်ခံမှုကို ဥပဒေကြောင်းအရ ဖောက်ဖျက်ထားသည်ကို ကြိုတင် သတိထားရပါမည်။
စုံစမ်းရေး ကော်မရှင်တွင် အဆိုရှင်ကိုယ်တိုင်နှင့် ထောက်ခံသူ ၃၅၉ ဦးထဲမှ ရွေးချယ်တာဝန် ပေးအပ်သည့် ဒေသဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်များ ပါဝင်သင့်ပါသည်။ ကော်မရှင် အစီရင်ခံစာ ထုတ်ပြန်နိုင်ရုံလောက်ဖြင့် ထိရောက်မှုရှိမည် မဟုတ်ဘဲ၊ တွေ့ရှိချက်များကို အမှန်တကယ် ကုစားပေးနိုင်မှု ရလဒ်ကိုလည်း တိုင်းပြည်သို့ ကြေညာသင့်ပါသည်။ တောင်သူလယ်သမားများ ဘဝမြှင့်မားတိုးတက်ရေးကို ဆောင်ရွက်နိုင်မှသာလျှင် တစုံတရာ အကောင်းဖက်သို့ ရွေ့လျားမှုရှိသည်ဟု ပြောလာနိုင်ပါမည်။
နိုင်ငံ၏ ထမင်းရှင် တောင်သူလယ်သမားများ ဆန္ဒဖော်ထုတ်မှုကို တရားဝင် ပြသနိုင်မှု ရှိမရှိ အပေါ်မှာလည်း တည်မှီနေပါသဖြင့် တောင်သူလယ်သမားအရေး ဆောင်ရွက်နေကြသော အဖွဲ့အစည်းများ အနေဖြင့် ကြိုတင်ပြင်ဆင်မှုများ လုပ်ကိုင်ဆောင်ရွက် နိုင်ပါစေ။