spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းဘုရားသုံးဆူနယ်စပ်အလုပ်ရုံပိတ်သိမ်းခြင်းကို အလုပ်သမားများဆန္ဒပြ

    ဘုရားသုံးဆူနယ်စပ်အလုပ်ရုံပိတ်သိမ်းခြင်းကို အလုပ်သမားများဆန္ဒပြ

    -

    မင်းတော်လဝီ – ထိုင်းမြန်မာနယ်စပ်၊ ထိုင်းနိုင်ငံဘုရားသုံးဆူရွာရှိ PIA Trading အမျိုးသမီး ဘော်လီအလုပ်ရုံပိတ်သိမ်းခြင်းကို မကြေနပ်ကြသော မြန်မာအလုပ်သမားများ ယမန်နေ့မွန်းလွဲပိုင်းတွင် ပိုစတာ များကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြသည်။

    ထိုင်းနိုင်ငံဘုရားသုံးဆူဘက်သို့ အလုပ်သမားများနေ့စဉ်ဝင်ရောက်နေပုံ(Photo-Kaowao)
    ယခုလ ၁၅ ရက်နေ့တွင် ၄င်းအလုပ်ရုံပိတ်သိမ်းတော့မည့်အကြောင်း အလုပ်ရုံမန်နေဂျာဖိတွတ်က ပြောကြားခဲ့ရာတွင် နစ်နာကြေးများပေးဆောင်မည်မဟုတ်သည့်အတွက် စက်ရုံတွင်အလုပ်လုပ်ကိုင်နေကြသော မြန်မာအလုပ်သမား ၈၀ ခန့် ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

    “အလုပ်သမားတွေက ဗမာ၊ ထိုင်း၊ အင်္ဂလိပ် ၃ ဘာသာပိုစတာစာတမ်းတွေထောင်ပြီး နစ်နာမှုတွေကို တောင်းဆိုတာပါ၊ အလုပ်ရှင်ဘက်က အလုပ်တွေရပ်နားပစ်တဲ့အတွက် ထိုင်းနိုင်ငံအလုပ်သမားဥပဒေအတိုင်း၂ လစာလုပ်ခကိုပေးရမှာပါ” ဟု ဆန္ဒပြအလုပ်သမားတစ်ဦးက ပြောသည်။

    အလားတူ ပြီးခဲ့သည့်ဇူလိုင်လ(၃)ရက်နေ့တွင်လည်း ထိုင်းနိုင်ငံ၊ ကန်ချနပူရီခရိုင် အလုပ် သမားရေးရာရုံး တာဝန်ခံသို့ လိပ်မူ၍ “ထိုင်းနိုင်ငံမှထုတ်ပြန်သော အလုပ်သမား ကာကွယ်ရေးအက်ဥပဒေ LABOUR PROTECTION ACT B.E.2541 (A.D.1998) အရ နောက်ဆုံးလုပ်သည့်လုပ်ခလစာနှုန်းထားအတိုင်း အလုပ်လုပ်ရက်(၆၀) ရက်အတွက် အလုပ်ရှင်မှပေးဆောင်ရန်အချက်အားလိုက်နာရန်” ဟူ၍ တိုင်ကြားစာပေးပို့ခဲ့ကြောင်း အလုပ်ကြီးကြပ်ရေး ဝန်ထမ်းတဦးက ပြောသည်။

    ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်နေ့တွင် “အလုပ်ရှင်ဘက်က ဒီလ ၁၅ ရက်နေမှာ အလုပ်ရုံပိတ်မယ်လို့ ကြေညာလိုက်တော့ အခုလိုမိုးရာသီချိန်မှာ ရုတ်တရက်အလုပ်သစ်ရှာရတာမလွယ်ဘူး၊ အကြီး အကျယ်ဒုက္ခဖြစ်ဖို့က သေချာတယ်” ဟု အလုပ်သမားတဦးကပြောသည်။

    ထိုင်းနိုင်ငံနယ်နိမိတ် ဘုရားသုံးဆူနယ်စပ်ဒေသရှိ အလုပ်ရှင်နှင့် အလုပ်သမားများအကြား အလုပ်သမားအခွင့်အရေးလေးစားလိုက်နာရန် ပျက်ကွက်နေသည့်အလုပ်ရုံအချို့ကို ထိုင်းနိုင်ငံအစိုးရနှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ်ILO တို့ထံ ဆက်လက်တိုင်ကြားမည်ဟုလည်း အလုပ်သမားခေါင်းဆောင်တစ်ဦးက ပြောသည်။

    PIA TRADING အလုပ်ရုံတွင် နေ့စဉ်ထိုင်းနိုင်ငံသို့ ဝင်ရောက်ဖြတ်ကျော်အလုပ်လုပ်ကိုင်သူ မြန်မာအလုပ်သမားဦးရေ (၈၀) ကျော်ရှိရာ တစ်ရက်(၈)နာရီ လုပ်ခထိုင်းဘတ်ငွေ ၈၀ သာရရှိပြီး လုပ်သက်ရင့်အလုပ်သမားအချို့သာ ထိုင်းဘတ်ငွေ ၁၀ဝ မှ ၁၂၀ အများဆုံး ရရှိကြသည်။

    မြန်မာနိုင်ငံ၊ဘုရားသုံးဆူဒေသရှိ အလုပ်သမားအများစုသည် နယ်စပ်ခြင်းထိစပ်နေသည့် ထိုင်းနယ်နိမိတ် ဘုရားသုံးဆူရွာရှိ ဖိနပ်ချုပ်၊ အထည်ချုပ်နှင့် အခြားစက်ရုံ ၄ဝ ကျော်တွင် နေ့စဉ်နယ်ခြားဖြတ်ကျော်ပြီး အလုပ်လုပ်ကိုင်နေကြသည့် အလုပ်သမားဦးရေ ၅၀ဝ၀ ကျော်ခန့်ရှိနေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts