Homeသတင်းကချင်ဒုက္ခသည်များအတွက် စာသင်ကျောင်းဖွင့်လှစ်

ကချင်ဒုက္ခသည်များအတွက် စာသင်ကျောင်းဖွင့်လှစ်

-

ဂျူရီချိုင်း – တရုတ် မြန်မာနယ်စပ်ရှိ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာဒေသတွင် ကချင်စစ်ပြေးဒုက္ခသည်တို့၏ ကျောင်းနေရွယ်ကလေးများအတွက် လာမည့် ဇွန်လ၌ စာသင်ကျောင်းဖွင့်လှစ်မည်ဖြစ်ကြောင်း စခန်းမှ တာဝန်ရှိသူက ပြောသည်။

ယင်းစာသင်ကျောင်းကို အခြေခံပညာမူလတန်းကျောင်း(၂၀) ကျောင်းနှင့် အလယ်တန်းကျောင်း (၇)ကျောင်း ယာယီစာသင်ကျောင်းအဖြစ် ဒုက္ခသည်စခန်းကော်မတီများနှင့် ကချင်ပြည်နယ် ပညာရေးဌာနတို့ပူးပေါင်းပြီး ဖွင့်လှစ်သွားမည်ဟု ဒုက္ခသည်စခန်းရှိ ဥက္ကဌ ဦးတွဲဗီဇာက ပြောသည်။

၎င်းက “အခု ကျောင်းဖွင့်ချိန်လဲရောက်နေတော့ စခန်းမှာရှိတဲ့ ကျောင်းနေရွယ်ကလေးတွေ ပညာရေးမမဲ့ဖို့ ကျနော်တို့ စီစဉ်ပြီးတော့ ဖွင့်ဖို့ဖြစ်တယ်” ဟု ပြောသည်။

KIO ဗဟိုဌာနချုပ် လိုင်ဇာဒေသတွင် ဧပြီလကုန်ပိုင်းတွင် နောက်ဆုံးကောက်ခံသည့်စာရင်းအရ စစ်ရေးကြောင့် နေရပ်စွန့်ခွာလာသူ ဒုက္ခသည်ပေါင်း ၈ သောင်းကျော်ရှိပြီး ကျောင်းနေရွယ် ကလေးများ ၃ သောင်းခန့်ရှိသည်။

လက်ရှိအခြေအနေအရ မြန်မာစစ်အစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)တို့ စစ်ရေးတင်းမာမှုတို့ကြောင်း စစ်ဘေးနှင့်လွတ်မြောက်မည့်နေရာတွင်သာ ရွေးချယ်ပြီး စာသင်ကျောင်းများဆောက်လုပ်သွားမည်ဟု ဦးတွဲဗီဇာက ပြောသည်။

ယခုုလအစောပိုင်းတွင် ရာသီဥတုပြောင်းလဲမှုကြောင့် ဒုက္ခသည်စခန်းအတွင်းရှိ ကလေးများနှင့် သက်ကြီးရွယ်အိုများအကြား ဝမ်းပျက် ဝမ်းလျှောရောဂါ၊ သွေးလွန်တုတ်ကွေးရောဂါနှင့် အသည်းရောင်အသားဝါရောဂါ ခံစားနေကြရသည်။

ဦးတွဲဗီဇာက “ရာသီဥတုအပြောင်းအလဲဆိုတော့ တစ်နှစ်သားကလေးကအစ အသည်းရောင် အသားဝါရောဂါဖြစ်နေကြတယ် စခန်းအာလုံးနီးပါးပဲ၊ အခုလဲ ဖြစ်နေတုန်းပဲ၊ သေဆုံးမှုတော့မရှိသေးဘူး” ဟု ပြောသည်။

ပြီးခဲ့သည့် ဧပြီလတွင် မြန်မာစစ်အစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)တို့ နေ့တိုင်းလိုလိုပင် တိုက်ပွဲများအဆက်မပျက်ဖြစ်ပွားနေခြင်းကြောင့် ကချင်ပြည်နယ် အနောက်ပိုင်း မိုးညှင်းဒေသ များမှ နေရပ်စွန့်ခွာလာသူများ စုစုပေါင်း ၂၀၀၀ ခန့် ထပ်မံရောက်ရှိလာကြသည်ဟု ၎င်းက ဆက်ပြောသည်။

ကချင်ပြည်နယ် ပန်ဝါဒေသနှင့် မြစ်ဆုံဒေသတို့၌ ယခုရက်ပိုင်းအတွင်းဖြစ်ပွားနေသည့် စစ်ပွဲများကြောင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ထိုန်းချုပ်ရာ လိုင်ဇာ၊ မိုင်ဂျာယန်၊ လွယ်ကျယ် စခန်းများနှင့် တရုတ်ပြည်ဘက်ရှိ စခန်းများသို့ ဒုက္ခသည်များ ထောင်နှင့်ချီ ထွက်ပြေးလာကြသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts