Wednesday, April 15, 2026
More
    spot_img
    Homeသတင်းအမည်မသိလက်နက်ကိုင်တပ်ဖွဲ့က တဲအိမ်ခြံ ၅ အိမ်မီးရှို့ဖျက်ဆီး

    အမည်မသိလက်နက်ကိုင်တပ်ဖွဲ့က တဲအိမ်ခြံ ၅ အိမ်မီးရှို့ဖျက်ဆီး

    -

    ဂျူရီချိုင်း – ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် မွန်ပြည်သစ်ပါတီ ထိန်းချုပ်ရာနယ်မြေဖြစ်သည့် သထုံခရိုင် ဒေသ၌ ခြံလုပ်သားများ၏ တဲအိမ် (၅) အိမ်ကို အမည်မသိလက်နက်ကိုင်တပ်ဖွဲ့တဖွဲ့က မီးရှို့ဖျက်စီးခဲ့ကြောင်း မွန်ပြည်သစ်ပါတီက ပြောသည်။

    ဧပြီလ (၂၈) ရက်နေ့ မနက်ပိုင်း ၅ နာရီခန့်တွင် မွန်ပြည်သစ်ပါတီ ဖွံ့ဖြိုးရေးနယ်မြေရှိ မင်းရွာအရှေ့ဘက် မာကတွန်ဒေသတွင် အမည်မသိလက်နက်ကိုင်အဖွဲ့တဖွဲ့က ရာဘာ ခြံလုပ်သားများကို သေနတ်နှင့်ခြိမ်းခြောက်ပြီး ၎င်းတို့၏ နေထိုင်ရာတဲအိမ်များကိုပါ မီးရှို့ခဲ့သည်ဟု မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင် နိုင်တလညီက ပြောသည်။

    ၎င်းက “ဘယ်သူကလာရှို့လိုက်လဲတော့မသိဘူး၊ ကျနော်တို့ နယ်မြေထဲမှာဖြစ်သွားတဲ့ အတွက် စုံစမ်းနေဆဲပဲ” ဟု ပြောသည်။

    ယင်းမီးရှို့ခံရသည့် ခြံလုပ်သားများသည် မွန်၊ ဗမာ အလုပ်သမားများဖြစ်ကြပြီး ခြံအလုပ်ကိုသာ အဓိကထား လုပ်ကိုင်စားသောက်နေကြသူများ ဖြစ်ကြသည်။

    ယင်းမီးရှို့မှုမဖြစ်ခင် ဧပြီလ (၁၂ ) ရက်နေ့ ညနေပိုင်းတွင် အမည်မသိလက်နက်ကိုင်တပ်ဖွဲ့ဝင် ၅ ဦးက တဲအိမ်ခြံရှေ့တွင်ဝင်ရောက်လာကာ ၎င်းနေရာမှ ရွှေ့ပြောင်းပေးရန် ခြံလုပ်သားများကို ခြိမ်းခြောက်ပြောဆိုခြင်း ရှိခဲ့သည်။

    ထိုဒေသမှာ မွန်ပြည်သစ်ပါတီနှင့် တပ်ရင်းမှူး ဗိုလ်မှူးစောဘီလူး ဦးဆောင်သည့် တပ်အင်အား ၃၀၀ ကျော်ရှိသည့် ကရင်နယ်ခြားစောင့်တပ်ဖွဲ့ တပ်ရင်း (၁၀၂၁) တို့က လှုပ်ရှားနေကြသည်ဟု သထုံခရိုင်မှ မွန်ပြည်သစ်ပါတီ တာဝန်ရှိသူတစ်ဦးက ပြောသည်။

    ၎င်းက “ဘယ်တပ်ဖွဲ့လဲတော့ ကျနော်တို့အသေအချာမသိသေးဘူး၊ စစ်ယူနီဖောင်ဝတ်စုံအပြည့်ပဲ ဝတ်ထားတယ်” ဟု ပြောသည်။

    အမည်မသိလက်နက်ကိုင်တပ်ဖွဲ့က တဲအိမ်ခြံများမီးရှို့ပြီးနောက် သထုံခရိုင်အတွင်းရှိ ဒေသခံ ရွာသူ ရွာသားများ တောခြံထဲသို့မသွားရဲကြသည်အထိ ကြောက်လန့်နေကြသည်ဟု သထုံခရိုင်မှ ဒေသခံတစ်ဦးက ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,500SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks