Homeသတင်းနိုင်ငွေသိမ်း၏ မွေးနေ့ပွဲအခမ်းအနားသို့ အထင်ကရ နိုင်ငံရေးသမားများတက်ရောက်

နိုင်ငွေသိမ်း၏ မွေးနေ့ပွဲအခမ်းအနားသို့ အထင်ကရ နိုင်ငံရေးသမားများတက်ရောက်

-

ခတ္တာနန်း


 – ယနေ့မတ်လ ၁၉ ရက်နေ့တွင် ကျရောက်သော ဝါရင့်မွန်နိုင်ငံရေးခေါင်ဆောင် မွန်အမျိုးသားဒီမိုကရေစီဥက္ကဌ နိုင်ငွေသိမ်း၏ ၈၉ နှစ်မြောက် မွေးနေ့အခမ်းအနားကို ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ နတ်ချောင်း၊ မဟာသန္တိသုခဘုန်းတော်ကြီးကျောင်းရှိ သံလွင်ခန်းမတွင် ယနေ့နံနက်ပိုင်း၌ကျင်းပခဲ့ရာ နယ်ပယ်အသီးသီးမှ အထင်ကရနိုင်ငံရေးသမားများ တက်ရောက်ခဲ့ကြသည်။

 အထင်ကရနိုင်ငံရေးသမားအချို့နှင့်အမှတ်တရဓါတ်ပုံ(Photo- Face book)
အထင်ကရနိုင်ငံရေးသမားအချို့နှင့်အမှတ်တရဓါတ်ပုံ(Photo- Face book)

အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် စတင်ကျင်းပခဲ့ရာ သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်၊ ၈၈ မျိုးဆက် ကျောင်းသားဟောင်းခေါင်းဆောင် မင်းကိုနိုင်၊ မင်းဇေယျာ၊ ကိုကိုကြီး ၊ မွန်အမျိုးသားနေ့ ကျင်းပရေး ကော်မတီ(ရန်ကုန်)၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့၊ ရှမ်း၊ ရခိုင်တိုင်းရင်းသားခေါင်းဆောင်များနှင့် မွန်စာပေယဉ်ကျေးမှုအဖွဲ့ဝင်များ အင်အားတစ်ရာကျော်တက်ရောက်ခဲ့သည်ဟု သိရသည်။

မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ (MNDF) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် နိုင်စိုးမြင့်က “ အဓိက ကတော့ နိုင်ငွေသိမ်းကို ဂုဏ်ပြုတဲ့အခမ်းအနားပါပဲ၊ မိန့်ခွန်းပြောတာတို့တော့ မရှိပါဘူး၊ အထင်ကရနိုင်ငံရေးခေါင်းဆောင် အတော်များများ တက်ရောက်ခဲ့ကြတယ်” ဟု ပြောသည်။

ယင်းကဲ့သို့အထင်ကရနိုင်ငံရေးသမားများနှင့် ဆုံတွေ့ခဲ့ကြစဉ် မြန်မာ့ဒီမိုကရေစီလုပ်ငန်းစဉ်များတွင် အတူတကွပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် အဖက်ဖက်ကြိုးစားသွားရဦးမည်ဟုလည်း ဆွေးနွေးပြောဆိုကြကြောင်း ၎င်းကဆက်ပြောသည်။

မွေးနေ့ပွဲကို တက်ရောက်ခဲ့သူ မွန်လူငယ် မိအံ့မိုးချမ်းက “ အခုလို အဖိုးရဲ့မွေးနေ့ပွဲကို တက်ရောက်ခွင့်ရတာ အရမ်းကို ဂုဏ်ယူဝမ်းသာမိတယ်၊ မွန်အမျိုးသားနိုင်ငံရေးနဲ့ပတ်သက်ပြီး ဘဝတစ်ခုလုံး မြှုပ်နှံပေးခဲ့တဲ့ အဘိုးကိုလည်း အရမ်းကျေးဇူးတင်တယ်၊ အဘိုးကအရမ်းထက်မြက်တယ်၊ သိပ်ကိုလည်းတော်တယ်၊ သက်ရာကျော်ရှည်ပါစေလို့ဆုတောင်းပါတယ်” ဟု ပြောသည်။


လွန်ခဲ့သည့် မတ်လ ၁၁ ရက်နေ့တွင်လည်း နိုင်ငွေသိမ်း၏အသက် ၉၀ ပြည့် အကြိုမွေးနေ့ပွဲအခမ်းအနားကို
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မွန်ဓမ္မာရုံတွင် ကျင်းပခဲ့ရာ ပူရိသာဒ်အင်အားငါးရာထက်မနည်း တက်ရောက်ခဲ့ကြသည်။

 ၈၈ မျိုးဆက်ကျောင်းသားဟောင်းများနှင့်အတူ(Photo- Face book)
၈၈ မျိုးဆက်ကျောင်းသားဟောင်းများနှင့်အတူ(Photo- Face book)

နိုင်ငွေသိမ်းသည် ၁၉၄၈ ခုနှစ်တွင် နိုင်ရွှေကျင်(ကွယ်လွန် – မွန်ပြည်သစ်ပါတီ ဥက္ကဌဟောင်း) နှင့်အတူ မော်လမြိုင်ထောင်ခေတ္တထိန်းသိမ်းခံ၊ ၁၉၆၃ တွင်အင်းစိန်ထောင်တွင် နှစ်နှစ်ခန့်၊ ၁၉၉၁- တွင် နိုင်ထွန်းသိန်း(MNDF-ဥက္ကဌဟောင်း)နှင့်အတူမော်လမြိုင်ထောင်၌ (၃)နှစ်ခန့်၊ ၁၉၉၈ တွင် ဒေါက်တာမင်းစိုးလင်း၊ ဒေါက်တာမင်းကြည်ဝင်းတို့နှင့်အတူ မော်လမြိုင်ထောင်တွင်(၇)နှစ်ခန့် ထောင်ဒဏ်အသီးသီးကျခံခဲ့ရသည်။

၄င်းသည် ဗမာ့လွတ်လပ်ရေးတပ်မတော်(BIA)အဖွဲ့ဝင်၊ အာရှလူငယ်အစည်းအရုံးဝင်၊ ရာမညတိုင်းလုံးဆိုင်ရာမွန်ရေးရာအဖွဲ့ချူပ် အထွေထွေအတွင်းရေးမှူး၊ မွန်လူငယ်အဖွဲ့အထွေထွေအတွင်းရေးမှူး၊ ဗိုလ်ချုပ်အောင်ဆန်းဖွဲ့စည်းခဲ့သော ပြည့်သူရဲဘော်တပ်ဖွဲ့ဝင်၊ မွန်ရေးရာအဖွဲ့နှင့် မွန်တိုင်းရင်းသားအဖွဲ့ ပူးတွဲတပ်ဖွဲ့၏ စစ်ရေးတာဝန်ခံ၊ မွန်ပြည်သူတပ်ဦး ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်၊ UNLD အမြဲတမ်း သဘာပတိအဖွဲ့ဝင်နှင့် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ ယခင်ဒုဥက္ကဌတာဝန်များ ထမ်းဆောင်ခဲ့ရသည်။

နိုင်ငွေသိမ်းကို ၁၉၂၃ ခု၊ မတ်လ ၁၉ ရက်နေ့၌ ဖခင်နိုင်သာဒွန်း၊ မိခင် မိငွေသုန်တို့မှ ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ ထုံးအိုင် ကျေးရွာတွင် မွေးဖွားခဲ့ခြင်း ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts