Homeသတင်းအလုပ်သမားသမဂ္ဂအဖွဲ့ ဖွဲ့စည်းပြီ


အလုပ်သမားသမဂ္ဂအဖွဲ့ ဖွဲ့စည်းပြီ


-

ခတ္တာနန်း – 

တိုင်ရီဖိနပ်စက်ရုံ အလုပ်သမားဆန္ဒပြမှုအား အခြေခံ၍ တပြည်လုံးအတိုင်းအတာဆောင်သော အလုပ်သမားသမဂ္ဂအဖွဲ့ ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

ပြီးခဲ့သည့်မတ်လ(၂) ရက်နေ့တွင် အလုပ်သမားသမဂ္ဂဖွဲ့စည်းရေးအတွက်စတင်ပြင်ဆင်ခဲ့ပြီး ယမန်နေ့ညနေပိုင်း၌ တိုင်ရီဖိနပ်စက်ရုံ အလုပ်သမားများ ဆန္ဒပြတောင်းဆိုမှုအခြေအနေနှင့် အခြေခံ အလုပ်သမားသမဂ္ဂဖွဲ့စည်းရေးအတွက် သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ ၊ အမ်သရီး စားသောက်ဆိုင်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

တိုင်ရီအလုပ်သမားအရေးကိစ္စဆွေးနွေးပွဲ(Photo-face book)
တိုင်ရီအလုပ်သမားအရေးကိစ္စဆွေးနွေးပွဲ(Photo-face book)

“အကြောင်းရင်းကတော့ အလုပ်ရုံ စက်ရုံတွေထဲမှာ အလုပ်သမားနဲ့ အလုပ်ရှင်တွေအကြား ပဋိပက္ခဖြစ်နေတာတွေကို ပြေလည်စေချင်တဲ့ ဆန္ဒရယ်၊ အလုပ်သမားတွေ လစာတိုးမြှင့်ရေးအတွက် ကြုံတွေ့နေရတဲ့ ပြဿနာတွေရယ်၊ နောက်ပြီး အလုပ်ခွင်အတွင်း ထိခိုက်ဒဏ်ရာရတဲ့အခါမှာ လုံလောက်စွာ ကုသပေးခြင်းမရှိခဲ့တာတွေကို ဖြည့်ဆည်းပေးဖို့အတွက် ဖွဲ့စည်းရခြင်းဖြစ်ပါတယ်” ဟု အလုပ်သမားအရေးလှုပ်ရှားသူ မစုစုနွေးက ပြောသည်။

အလုပ်ရုံ၊ စက်ရုံများမှ အလုပ်သမားများကြုံတွေ့နေရသည့် ပြဿနာများ၊ ဆုံးရှုံးနေသည့် အခွင့်အရေးများ၊ နိမ့်ကျနေသည့် အလုပ်သမားများ၏ဘဝ မြှင့်တင်ရေးအတွက် အားလုံးပါဝင်နိုင်သော အလုပ်သမားသမဂ္ဂကို စနစ်တကျဖွဲ့စည်းပြီးဖွဲ့စည်းလိုက်ကြောင်း မစုစုနွေးက ပြောသည်။

အလုပ်သမားကိုယ်စားလှယ် ရ ယောက်ကဦးဆောင်ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ပြည်တောင်စုဝန်ကြီး အလုပ်သမားရေးဝန်ကြီး ဦးအောင်ကြည်နှင့် မြို့နယ်အလုပ်သမားရုံးသို့ ၄င်းတို့၏ အလုပ်သမားသမဂ္ဂအဖွဲ့ တရားဝင်ခွင့်ပြုပေးနိုင်ရန် မှတ်ပုံတင်ခဲ့ကြောင်း သူမကဆက်ပြောသည်။ 

မြန်မာနိုင်ငံတွင် အလုပ်သမားအဖွဲ့အစည်းဥပဒေကို ပုဒ်မ ၁၊ ပုဒ်မခွဲ (ခ) အရ  ပြီးခဲ့သည့် မတ်လ ၉ ရက်နေ့တွင် စတင်အာဏာတည်သည်ဟု မြန်မာအစိုးရသတင်းစာများတွင် တရားဝင်ကြေညာခဲ့ပြီး ဖြစ်သည်။

မြန်မာနိုင်ငံဒီမိုကရေစီရရှိရေး(ထိုင်းနိုင်ငံ) လုပ်ငန်းကော်မတီ၏ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်ဝေက “အခုလို အလုပ်သမားသမဂ္ဂအဖွဲ့ ဖွဲ့စည်းလိုက်တာ ကောင်းပါတယ်၊ အလုပ်သမားသမဂ္ဂရှိမှလည်း သူတို့ရဲ့ရပိုင်ခွင့်တွေကို တောင်းဆိုနိုင်မယ်၊ အစိုးရကလည်း တရားဥပဒေကို အသေအချာ ပြဌာန်ထားပေးရမယ်၊ လုပ်ငန်းရှင်တွေက အလုပ်သမားအပေါ် အမြတ်ထုတ်မှုကနေ ကာကွယ်တဲ့ ဥပဒေတွေ၊ အလုပ်ရှင်နဲ့ အလုပ်သမားတွေ နှစ်ဖက်စလုံး သဟဇာတဖြစ်ဖို့ အစိုးရအနေနဲ့ရပ်တည်ပေးရမယ်၊ မြန်မာအစိုးရတွေအနေနဲ့ အလုပ်သမားသမဂ္ဂတွေကနေ နိုင်ငံရေးအပိုင်းကိုကူပြောင်းသွားမှာ ကြောက်ပြီး သမဂ္ဂဖွင့်ခွင့်တွေ ပိတ်ပင်ခဲ့တာလို့ ကျနော်မြင်တယ်” ဟု ပြောသည်။

ယခင်ဖေဖော်ဝါရီလ (၆) ရက်နေ့ မနက် (၇)နာရီအချိန်တွင် ရန်ကုန်မြို့၊ လှိုင်သာယာစက်မှုဇုံ(၃)ရှိ  တရုတ်လူမျိုးပိုင် တိုင်ရီ ဖိနပ်စက်ရုံက အလုပ်သမား(၂၅၀၀) ကျော်အား ဇန်နဝါရီလအတွက် ပေးရမည့်လုပ်ခလစာများ ဖြတ်တောက်ခံကြရာမှ ဆန္ဒပြပွဲများဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

တိုင်ရီစက်ရုံတွင် အလုပ်ချိန်နံနက် ရနာရီမှနေ့လည် ၁၂ နာရီ၊ နေ့လည် ၁၂:၅၀ မိနစ်မှ ညနေ-၅နာရီ အထိ အချိန်ပိုညနေ ၅:၂၅ မိနစ်မှ ည၉နာရီထိဖြစ်ပြီး အချိန်ပိုလုပ်အားခအတွက် အလုပ်သမားတယောက်လျှင် ငွေ ၁၃၀ ကျပ်သာ ရရှိကြသည်။

လတ်တလောတွင် မြန်မာအစိုးရမှ အလုပ်သမားသမဂ္ဂဖွဲ့စည်းခွင့်ပြုလိုက်ပြီးနောက် တိုင်ရီစက်ရုံမှဦးဆောင်ကာ ပထမဆုံးဖွဲ့စည်းခဲ့သော အလုပ်သမားသမဂ္ဂအဖွဲ့ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts