မင်တော်လဝီ – မွန်ရိုးရာဂီတဟု ပြောလျှင် မွန်တူရိယာများစွာရှိသည့်အနက်က မိကျောင်းတူရိယာကို လူများ ပိုသိရှိကြသည်။ သို့သော် လူများမှာ မိကျောင်းတူရိယာအကြောင်းကိုကား သိချင်မှ သိကြလိမ့်မည်။
လူမျိုးတိုင်းမှာ မိမိလူမျိုးတို့၏ ရိုးရာဓလေ့ထုံးစံ၊ စာပေ၊ ယဉ်ကျေးမှု၊ ဂီတများကို ချစ်မြတ်နိုးကြရာမှာ ထိုလူမျိုး၏ အသက်ဟုပင် မှတ်ယူကြသည်။ ထို့အပြင် ၄င်းယဉ်ကျေးမှုအမွေအနှစ်အားလုံးကို ဆက်လက်ရှင်သန်တိုးတက် ရေးအတွက်ကိုလည်း ကြိုးပမ်းအားထုတ် ထိန်းသိမ်းကာကွယ် စောင့်ရှောက်တတ်ကြပြန်သည်။
ထို့အပြင် လူမျိုးတိုင်းသည် မိမိချစ်မြတ်နိုး တန်ဖိုးထားသော မိမိဂီတကို အားမာန်ဆောင်ပြီး မပျောက်ကွယ်ရန် တိုးတက်ဖွ့ံ ဖြိုးရန် တတပ်တအား လေ့လာသင်ကြား လိုက်စားနေတတ်ပြန်သည်။
သမိုင်းအစဉ်လာ ကြီးမားလာခဲ့သော မွန်လူမျိုးတို့သည် မိမိတို့၏ ဘာသာ၊ စာပေ၊ ယဉ်ကျေးမှု၊ အနုသုခုမ၊ ဂီတ များကိုပြန်လည်ဖော်ထုတ်ရာမှာ၊ သင်ယူလေ့လာလိုက်စားရာမှာ အမျိုးသားရေးတာဝန်တရပ်အဖြစ် သတ်မှတ် ကြသည်။
“တချို့ခေတ်လူငယ်တွေမွန်ရိုးရာဂီတ၊ တူရိယာကိုစိတ်မဝင်းကြဘူး၊ စား၊ ဝတ်၊ နေရေးအတွက် မရပ်တည်နိုင်ဘူးဆိုလို့ဆိုတယ်၊ မလေ့လာချင်၊ မသင်ချင်ကြတာကိုအပြစ်မမြင်ပါဘူး၊နိုင်ငံတော်အဆင့်က အားပေးဖို့မပြောနဲ့ ကိုယ့်ဟာကိုယ်တောင် လွတ်လွတ်လပ်လပ် သင်ယူဖို့မလွယ်တာကြောင့်လည်းပါတယ်” ဟု မွန်ဂီတနှင့် မိကျောင်းတူရိယာကို စိတ်ဝင်စားသူ ကျိုက္မရောမြို့မှ နိုင်မောင်အေးက ပြောသည်။
“တချို့ခေတ်လူငယ်တွေကျတော့ ရိုးရာယဉ်ကျေးမှုအမွေအနှစ်တရပ်ကို ချစ်မြတ်နိုးတဲ့စိတ်၊ထိန်းသိမ်းချင်တဲ့စိတ်နဲ့ လေ့လာလိုက်စားနေ၊ပါဝင်သင်ယူနေကြတာကို တွေ့ရလို့ပီတိဖြစ်ရတာအမှန်ပဲ” ဟုမော်လမြိုင်မြို့မွန်စာပေနှင့် ယဉ်ကျေးမှု ကော်မတီဝင်မွန်သက်ကြီးပိုင်းတဦးက ပြောသည်။
မွန်လူမျိုးများမှာ မွန်စာပေနှင့် မွန်ရိုးရာဂီတကိုအဓိကထား ဖေါ်ထုတ်ခြင်း၊ လေ့လာသင်ယူခြင်းက ပိုမိုများပြားပြီ ထိုကဏ္ဍများကိုလည်း တစိုက်မတ်မတ်ကြိုးပမ်းအားထုတ်တတ်ကြပြန်သည်။ အထူးသဖြင့် မွန်ဆရာတော် သံဃာတော်များ၊ မွန်ခေါင်းဆောင်များနှင့် မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီတို့၏ ဦးဆောင်မှုနှင့်အတူ မွန်လူထုက အလေးထား လိုက်ပါဆောင်ရွက်ကြသည်။
မွန်လူမျိုးတို့၏ ဂီတကိုလေ့လာလျှင် ကြေး၊ ကြိုး၊ သရေ၊ လေ၊ လက်ခုပ်တူရိယာ ငါးမျိုးဖြင့် အခြေခံထားသည်ကို တွေ့ရှိရသကဲ့သို့ ထိုနည်းတူ မြန်မာ့ဂီတတွင်လည်း ကြေး၊ ကြိုး၊ သရေ၊ လေ၊ လက်ခုပ် ဖြင့်ပင် အခြေခံ ထားပြန်သည်။ ဤတူညီချက်ကို ကြည့်ခြင်းအားဖြင့် မြန်မာ့ဂီတသည် မွန်ဂီတမှ ယှက်နွှယ်လာသည်ဟု ပညာရှင်များ၏ အဆိုကို ပိုလေးနက်စေသည်။
သို့သော် မွန်ဂီတ မိကျောင်းတူရိယာကို မြန်မာ့အငြိမ့်အတီး တူရိယာအမျိုးအစားများထဲတွင် ထည့်သွင်း ဖေါ်ပြ ထားသော်လည်း လက်တွေ့တွင် တီးခတ်အသုံးပြုမှု မရှိတော့ပါ။ မွန်လူမျိုးတို့ကသာ ယနေ့တိုင် အသုံးပြုဆဲဖြစ်ပြီး ကျွမ်းကျင်ပိုင်နိုင်စွာတီးခတ်နေကြသည်။ထို့အပြင် ပြည်ပနိုင်ငံရောက် မွန်လူငယ်များကလည်း သင်ယူတတ်မြောက်နေနကြသည်ကို တွေ့ရှိနိုင်သည်။
“မိကျောင်းတူရိယာဟာ ကြိုးတပ် တူရိယာအမျိုးအစားဖြစ်ပြီးတော့ မိကျောင်းရုပ်ထုမှာ ကြိုးတပ်ပြီး တီးခတ်ရလို့ မိကျောင်းတူရိယာလို့ ခေါ်ရတာ” ဟု အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) မှ လက်ထောက်ကထိက (အငြိမ်းစား) ဆရာ နိုင်ထောပိုင်က ပြောသည်။
မွန်ဂီတကြိုးတပ်တူရိယာများမှာ မိကျောင်းတူရိယာ၊ (မွန်ခေါ်-ထှ) ထန တူရိယာနှင့် (မွန်-ဂြဝ်) ထောင်တယောများမှာကြိုးတပ်တူရိယာများအဖြစ်တွေ့နိုင်သည်။ (မွန်- ထှ) ခေါ် ထန သည် Crocodile Harp စောင်းအမျိုးအစား၊ မိကျောင်းတူရိယာမှာ Crocodile Zither တူရိယာဖြစ်သည်။
ထို့အပြင် ဂီတတူရိယာများစွာထဲတွင် တိရစ္ဆာန်ကိုယ်ခန္ဓာရုပ်ထုကို သုံးပြီး ဂီတတူရိယာပစ္စည်း အဖြစ် ဖန်တီးပြီး တီးခတ်နေသည့် တူရိယာသည် မွန်တို့၏မိကျောင်းတူရိယာ တစ်မျိုးတည်းသာရှိသည်ဟု ဆရာ နိုင်ထောပိုင်က ပြောသည်။
ထိုင်း၊ တရုတ်၊ ကမ်ပူချာ နိုင်ငံတွေမှာ အသုံးပြုနေကြသည့် မိကျောင်းတူရိယာဂီတများမှာ မွန်လူမျိုးတို့၏ ဂီတ မိကျောင်း တူရိယာမှ ဆင်းသက်လာသည်ဟု ပညာရှင်များက ခန့်မှန်းပြောဆိုနေသည်။ ယခုလက်ရှိ မွန်မိကျောင်းတူရိယာမှာ ငမိုးရိပ်မိကျောင်းရုပ်ထုကိုအသုံးပြုထားပြီး ထိုင်း၊ တရုတ်၊ ကမ်ပူချား ဂီတမိကျောင်းတူရိယာများမှာမူ မွန်ဘာသာခေါ် “ကျာမ်ဂွိ” ပင်လယ်လိပ်သဏ္႑ာန် မိကျောင်းပုံ တူရိယာဖြစ်သည် ဟု ဆရာနိုင်ထောပိုင်က ပြောသည်။
မွန်မိကျောင်းတူရိယာရုပ်ထုမှာ အသုံးပြုနေသော ငမိုးရိပ်မိကျောင်းအကြောင်းကို ဆရာနိုင်ထောပိုင်ရှင်းပြရာတွင်“ဥက္ကလာပမင်းကြီးလက်ထက် ဒဂုန် (ယခုရန်ကုန်) မှ မင်းသား (မွန်-သ႘နန္လာ) မင်းနန္ဒာ၏ ချစ်သူ (မိမှောံနန်) ရှင်မွေးလွန် ရှိရာ ဍုင်သေင် (ယခု သန်လျင်) ကို သွားတဲ့အခါမှာ မြစ်ကြီးခြားနေလို့ မြစ်ကို ဖြတ်ကူးရာမှာ ငမိုးရိပ်မိကျောင်းကို စီးသွားရတယ်၊ ငမိုးရိပ်မိကျောင်းဟာ ရေနေသတ္တဝါထဲမှာ ဘုရင်ပဲ၊ ရေခင်းမှာ အကျွမ်းကျင်ဆုံးသတ္တဝါဖြစ်တော့ ရေနေသတ္တဝါတွေက ကြောက်ရွံ့ ရိုသကြတယ်” ဟု ပြောပြသည်။
“တနေ့မှာ ရန်သူများ ရန်ပြုလာလို့ မင်းသားမင်းနန္ဒာကိုဘေးကင်းဖို့ ငမိုးရိပ်မိကျောင်းရဲ့ပါးစပ်မှာ ငုံကာ ဒဂုန် (ယခုရန်ကုန်) ဘက်ကို ပြန်လာပို့ခဲ့ပေးတယ်”ဟု ပြောပြခဲ့သည်။
ဤအကြောင်းအရာကို ထောက်ရှု၍ သခင်မင်းသား မင်းနန္ဒာကို ချစ်ခင်လေးစား မေတ္တာထား သစ္စာရှိသော ငမိုးရိပ်မိကျောင်းကို မွန်လူမျိုးတို့၏ ဂီတ တူရိယာအဖြစ်ဂုဏ်ပြုထားပြီး ၄င်းတူရိယာကိုချစ်ခင် မြတ်နိုးစွာ တီးခတ်နေတာဖြစ်သည်ဟု မွန်ပညာရှင်များ၏မှတ်တမ်းများမှာ ဖေါ်ပြထားကြသည်။
ယခုမွန်တူရိယာ မိကျောင်းကဲ့သို့ ထိုင်း၊ တရုတ်၊ ကမ်ပူချာ လူမျိုးများမှာ တွေ့နေကျ မိကျောင်းတူရိယာသည် မွန်မိကျောင်းတူရိယာနှင့် မည်သို့ကွာခြားမှုရှိသလဲ ဟုမေးသောအခါ၊
ဆရာက “မွန်များ အသုံးပြုနေတဲ့ မိကျောင်းရုပ်ထုက ငမိုးရိပ်မိကျောင်းပါ၊ ထိုင်း၊ တရုတ်၊ ကမ်ပူချာ မှာတော့ မွန်လို ခေါ် “ကျာမ်ဂွိ” ပင်လယ်လိပ် မိကျောင်းရုပ်ထု ဖြစ်ပြီး ခန္ဓာကိုယ် ပို၍ လုံးဝိုင်းနေတယ်၊ မွန်တူရိယာမိကျောင်းက အရှည် ၅ ပေ ၆လက္မ အနံ ၆ လက္မ၊ ရှေးအခါက ပိုးကြိုး၊ ချည်ကြိုး သုံးခဲ့ပေမယ့် ယခုအခါ ဂစ်တာကြိုး ၂ ချောင်းနှင့် ပလပ်စတစ်ကြိုး ၁ ချေင်းတပ်ထားပြီး ဘား (၁၃) ဘားရှိတယ်၊ အများဆုံးအသုံးပြုတဲ့ သစ်သားက ယမနေသား၊ တောင်ပိန္နဲသားနဲ့ ထိန်သားပဲ” ဟု ဆရာ နိုင်ထောပိုင်က ပြောသည်။
သတိထားရမှာက မိကျောင်းတူရိယာကို ၅ ပေ ၆ လက္မထက် ငယ်ပြီး ပြုလုပ်လျှင် ဘားကွက် နီးကပ်သွားပြီး တီးခတ်ရာမှာ ခက်ခဲသည်။ အသံလည်းညံ့ဖျင်းပြီး အသံကြောင်နေတတ်သည်။ ဘားအနေအထားမှန်ကန်ခြင်း၊ အသံကောင်းခြင်း၊ အရွယ်အစားတင့်တယ်လှပခြင်းအတွက် သစ်သား ၅ ပေ ၆လေက္မအရှည်သည် အကောင်းဆုံးဖြစ်သည်ကို မိကျောင်းတူရိယာ ကိုယ်တိုင်ထုလုပ်ခဲ့သူ ဆရာနိုင်ထောပိုင်က ပြောသည်။
သို့သော် မိကျောင်းတူရိယာကို အလှအပအဖြစ်ပြုလုပ်လိုပါက အကြီးအငယ်မရွေး မိမိလိုသလို ထုလုပ်နိုင်သည်။
မွန်လူမျိုးတို့၏ ဂီတတူရိယာများစွာအနက်က မိကျောင်းတူရိယာသည် အဓိကကျနေသည့် တူရိယာတခုလည်းဖြစ်ပြီး အများဆုံးတီးခတ်ရသည့် ဖျော်ဖြေမှုမှာ “သဿာဒွက်” စမာဒဝက် ခေါ် ရှေးဟောင်း မွန်နှစ်ပါးသွားအက ဖြစ်သည်။ အဆွဲ အငင်၊ အလှည့်အပြောင်း၊ အတက်အကျ၊ အထစ်အငေါ့၊ အချောအကြမ်းကို ကျွမ်းကျင်သလို လိုက်ဖက်တီးခတ်နိုင်၍ မိကျောင်းတူရိယာသည် စမာဒဝက် ခေါ် ရှေးဟောင်း မွနှ်နှစ်ပါးသွားအကနှင့် လိုက်ဖက် ညီပါပေသည်။
မိကျောင်းတူရိယာသည် မွန်ရိုးရာတေးဂီတမှာသာ တီးခတ်နိုင်သည်မဟုတ် ခေတ်ပေါ်တေးဂီတများမှာလည်း ကျွမ်းကျင်မှုရှိလျှင် ရှိသလို တီးခတ်နိုင်ပါသည်။ ပတ္တလားမှာကဲ့သို့ ကီး (၇) မျိုးရှိသည့်အနက် (၅) မျိုးကို တီးခတ်နိုင်ပါသည်။ ကီး A ကီး D ကို မတီးခတ်နိုင်ပါ။ ဖေါ်ပြပါ Major ကီးများကို လွယ်ကူစွာ တီးခတ်နိုင်သည်။ ကီး CFGBE ၅ မျိုးကို လွယ်လွယ်ကူကူ တီးခတ်နိုင်သည်။ ယခင်အခါကFCG နှင့် GCF ကြိုးညှိစနစ်ဖြင့် တီးခတ်ပြီး ယခုအခါ FCF စနစ်ကိုအများဆုံး အသုံးပြု တီးခတ်နေကြပြီဟု ဆရာနိုင်ထောပိုင်က ပြောသည်။
မွန်တို့၏ မိကျောင်းတူရိယာသည် ယခုအခါမှာ တိမ်မြုပ်ပျောက်ကွယ်လုနီးပါးဖြစ်နေသည့် အချိန်ခါမှာ မွန်ပြည်နယ် မော်လမြိုင်မြို့နယ် မွန်ယဉ်ကျေးမှုအမွေအနှစ် ဖေါ်ထုတ်ထိန်းသိမ်းရေးအဖွဲ့ (ဂကောံအာဲကဿာဲယေန်သှာင်မန်) မှ ကြီးမှူး၍ မွန်ဂီတ လေ့ကျင့်သင်ကြားရေးကို မွန်လူငယ်၊ လူလတ်များကို ၂၀၁၁ ခုနှစ် ဧပြီလက ပထမအကြိမ်အဖြစ် လေ့ကျင့်သင်ကြားပေးနိုင်ခဲ့သည်။
မွန်ရိုးရာဂီတ ထိန်းသိမ်းရေးကို ပြည်တွင်း (မွန်ပြည်နယ်အတွင်း) ဆောင်ရွက်နေခြင်းမဟုတ်ပေ။ မွန်တို့၏ ရိုးရာဂီတသည် အခြားသောလူမျိုးစုများထက် ပိုမိုပြည့်စုံပြီး ပိုမိုထယ်ဝါသည့်အတွက် နိုင်ငံခြားရောက် မွန်လူမျိုးများမှာလည်း လေ့လာသင်ကြားပြီး နိုင်ငံခြားပုရိသတ်များတွင် ထယ်ဝါခန့်ညားစွာ တီးမှုတ်ဖျော်ဖြေတတ်ကြပေသည်။
ထို့ကြောင့် ၂၀၀၈ ခုနှစ်တွင် အမေရိကန်နိုင်ငံရောက် မွန်လူမျိုးများမှ ဂီတဆရာ နိုင်ထောပိုင်နှင့်အတူ မွန်ယဉ်ကျေးမှုအမွေအနှစ်ဖေါ်ထုတ်ထိန်းသိမ်းရေးအဖွဲ့မှ ဂီတဆရာ အကဆရာမများကို ဖိတ်ခေါ်ကာ မွန်ဂီတနှင့် အကသင်တန်းကို (၆) လတာ သင်ကြားခဲ့ပေသည်။ အမေရိကန်နိုင်ငံသားများ ရှေ့မှောက်တွင် ခန့်ညားထယ်ဝါလှသည့် မွန်ဂီတနှင့် အကကို အမေရိကန်ရောက် မွန်များ ဂုဏ်ယူစွာ ဖော်ထုတ်နိုင်ပေသည်။
ထို့နည်းအတူ ၂၀၁၀ ခုနှစ်တွင် ထိုင်းမြန်မာနယ်စပ်ဒေသရှိ မွန်လူငယ်များအတွက် မိကျောင်းတူရိယာ တီးခတ်ခြင်းအပါအဝင် အခြေခံဂီတ တူရိယာသင်တန်းကို ဆရာနိုင်ထောပိုင်နှင့် နိုင်မွန်စိန်တို့မှ သင်ကြားပေကာ “မွန်အမျိုးသားယဉ်ကျေးမှုစင်တာ (ထိုင်းနိုင်ငံ)” မှ မွန်လူငယ်များ မွန်ဂီတအမွေ ပေးအပ်နိုင်ခဲ့ပေသည်။ ထို့အဖွဲ့မှလည်း ထိုင်းနိုင်ငံ နေရာအနှံ့ အပြားတွင် မွန်ဂီတ တီးခတ်မှု မွန်ရိုးရာအကများကို ဂုဏ်ယူဝင့်ကြွားစွာ ပြသနိုင်ခဲ့ပေသည်။