Sunday, March 8, 2026
More
    spot_img
    Homeသတင်းဘုရားသုံးဆူတွင် တရားမဝင် ပန်းသီးပုံးလောင်းကစား ကျယ်ပြန့်လာ

    ဘုရားသုံးဆူတွင် တရားမဝင် ပန်းသီးပုံးလောင်းကစား ကျယ်ပြန့်လာ

    -

    မင်းတော်လဝီ – ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ပေါ်တွင် ပန်းသီးပုံးဟုခေါ်သော လောင်းကစားနည်းတစ်မျိုးကို မြို့ပေါ်နေရာအနှံ့ ပိုမို ကျယ်ပြန့်လာကြောင်း မြို့ခံတို့၏ ပြောပြချက်အရ သိရသည်။

    ပန်းသီးစက်ခလုတ်ခုံဟောင်းတစ်ခု (Photo-Internet)
    ပန်းသီးစက်ခလုတ်ခုံဟောင်းတစ်ခု (Photo-Internet)
    လက်ရှိအခြေအနေတွင် ဘုရားသုံးဆူမြို့ပေါ်၌ မြို့ခံဒိုင်ချုပ်သုံးဦးတို့ပိုင်ဆိုင်သည့် ပန်းသီးပုံး ၄၀၀ ကျော်ခန့်ရှိနေပြီးဖြစ်ကြောင်းလည်း မြို့ခံတို့က ခန့်မှန်းထားကြသည်။

    “ပန်းသီးပုံးကိုအချိန်မရွေး အခါမရွေး သွားလောင်းကစားလို့ ရနေတယ်၊ လူတန်းစားအလွှာစုံကစားနေကြတယ်၊ အထူးသဖြင့် အလုပ်လက်မဲ့တွေ၊ လက်လုပ်လက်စားတွေ ပိုကစားကြတယ်၊ ကျောင်းသား လူငယ်တွေလည်းပါတယ်” ဟု ဘုရားသုံးဆူမြို့ခံတဦးက ပြောသည်။

    ပန်းသီးပုံးလောင်းကစားနည်းသည် ဒေသအခေါ်ဖြစ်ပြီး တရုတ်နိုင်ငံထုတ် အော်တိုမက်တစ် လောင်းကစားစက်ခလုတ်ခုံဟု သိရပြီး ငွေအကြွေစေ့ထည့်ကာ လောင်းကစားကြရသည်။

    မြို့ခံအမျိုးသမီးတဦးကလည်း “ထိုးလို့မှန်သွားရင် ပုံးကနေတိုက်ရိုက်ပိုက်ဆံထွက်လာမယ်လေ၊ သီးသန့်ရုံးသာမက စျေးဆိုင်ထဲ၊ စားသောက်ဆိုင်၊ လ္ဘက်ရည်ဆိုင်၊ လမ်းဘေးလူစည်ကားတဲ့နေရာအထိရောက်နေပြီ၊ ၂၄ နာရီအမြဲတမ်းဖွင့်ထားတာပေါ့၊ ခုတော့ အိမ်ရောင်း ခြံရောင်း၊ လင်ကွဲ မယားကွဲတွေအတော်များရှိနေပြီး”

    ဘုရားသုံးဆူမြို့ပေါ်ရှိ စားသောက်ဆိုင်၊ လ္ဘက်ရည်ဆိုင်နှင့် လူစည်ကားသည့်နေရာများတွင် တစ်နေရာလျှင် ပန်းသီးပုံးလောင်းကစားစက် ၃ လုံးမှ ၁၀ လုံးထိ ဒိုင်ချုပ်ကကော်မရှင်စားများထံ ဖြန့်ပေးထားပြီး ရရှိဝင်ငွေအပေါ် ကော်မရှင်ခရကြသည်။

    အတည်မပြုနိုင်သေးသည့်သတင်းအရ ထိုပန်းသီးပုံး လောင်းကစားဝိုင်း ဒိုင်ချုပ်သုံးဦးမှ သက်ဆိုင်ရာအာဏာပိုင်များထံသို့ လစဉ်ပုံမှန်အကောက်ကြေးငွေအဖြစ် ဘတ်တစ်သိန်းကျော်ပေးဆောင်နေသည်ဟု ဘုရားသုံးဆူမြို့ပေါ်တွင် သတင်းပြန့်နေသည်။

    လောင်းကစားဝိုင်းများ ကျယ်ပြန့်လာခြင်းနှင့် လောင်းကစားသူများ များပြားလာသည့်အတွက် အေးချမ်းစွာနေထိုင်လိုကြသည့် ဘုရားသုံးဆူမြို့ခံပြည်သူများက မြို့ပေါ်တွင်အကျင့်ပျက်မှု၊ ရာဇဝတ်မှု ဖြစ်ပွားမှု များပြားလာမည်ကို စိုးရိမ်နေကြသည်။

    “မကြာခင်ရက်ကပဲ ဘုရားသုံးဆူမြို့ စိုက်ပျိုးရေးရုံးအနီးမှာ လုယက်တိုက်ခိုက်မှုဖြစ်ခဲ့တယ် ရပ်ကွက်မှာလဲ ခိုးမှု၊ ဖေါက်ထွင်းမှုတွေ ခဏခဏပဲ” ဟု ကျောင်းဆရာတစ်ဦးက ပြောသည်။

    ဘုရားသုံးဆူမြို့သည် နယ်စပ်ဒေသမြို့ဖြစ်သည့်အလျှောက် မြန်မာ၊ ထိုင်း၊ ကရင်၊ မွန် အစရှိသည့် လူမျိုးပေါင်းစုံ၊ အလွှာပေါင်းစုံမှ လူများ နေထိုင်နေကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks