spot_img
Sunday, February 15, 2026
More
    spot_img
    Homeသတင်းငြိမ်းချမ်းရေးမရမီ ဖွံ့ဖြိုးရေးလုပ်ငန်းများ မစသင့်ကြောင်း KNU ပြော

    ငြိမ်းချမ်းရေးမရမီ ဖွံ့ဖြိုးရေးလုပ်ငန်းများ မစသင့်ကြောင်း KNU ပြော

    -

    ဂျူရီချိုင်း – အစိုးရနှင့် ကေအဲန်ယူ ငြိမ်းချမ်းရေးမရသေးမီ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တွင်(စက်မှုဇုန်၊ ကားလမ်း) ဖွံ့ဖြိုးရေးလုပ်ငန်းများ စတင်ဆောက်လုပ်ရန် စောသေးသည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU က ပြောကြားလိုက်သည်။

    ကေအဲန်ယူ ခေါင်းဆောင်များနှင့် မီးရထားဝန်ကြီးဦးအောင်မင်းတို့ ဖားအံမြို့တွင်တွေ့ဆုံခဲ့ကြစဉ်
    လက်ရှိတွင် အစိုးရနှင့် KNU ပဏာမအားဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူထားသော်လည်း ငြိမ်းချမ်းရေးအဆင့် မရောက်သေးသည့်အတွက် စက်မှုဇုန်၊ လမ်းသစ်ဖောက်လုပ်ရေးကိစ္စများ ဆောင်ရွက်ရန် အချိန်စောသေးကြောင်း၊ အစိုးရဘက်မှ ကေအဲန်ယူနှင့် ဒေသခံပြည်သူလူထုများနှင့် တိုင်ပင်ဆွေးနွေးသွားဖို့ လိုအပ်ကြောင်း KNU အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်က ပြောသည်။

    ၎င်းက “ငြိမ်းချမ်းရေးမရသေးတဲ့အချိန်မှာ ဒီဖွံ့ဖြိုးရေးလုပ်ငန်း လုပ်ဖို့ ပြည်သူလူထုတွေ(နဲ့) မတိုင်ပင်ဘဲနဲ့ ကျမတို့ လက်မခံဘူး” ဟု ဆိုသည်။

    စီမံကိန်းတည်ဆောက်မည့် (မြဝတီစက်မှုဇုန်၊ မြဝတီ-ကော့ကရိတ်လမ်း) နေရာများသည် KNU လှုပ်ရှားရာနယ်မြေများ ဖြစ်သည်။

    ယခုလ ၁၂ ရက်နေ့တွင် မြန်မာအစိုးရနှင့် ကရင်အမျိုးသားအစည်းအရုံး KNU တို့အကြား နှစ်ဘက် အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူလက်မှတ်ရေးထိုးခဲ့ကြသည်။

    ငြိမ်းချမ်းရေး မရခင် လမ်းဖောက်ပါက  ထိုင်းနိုင်ငံမှ တင်သွင်းလာသည့် ပစ္စည်းများကို အစိုးရက စစ်ရေးကိစ္စအနေနှင့်အသုံးပြု နိုင်သည့် အလားအလာရှိကြောင်း၊ ပြည်သူလူထုအနေဖြင့် အကောက်ခွန်များ ထပ်ဆင့်ပေးနေရသည့်အတွက် ပြည်သူအပေါ် အကျိုးမရှိကြောင်းလည်း နော်စီဖိုးရာစိန်က ပြောသည်။

    စက်မှုဇုန်၊ ကားလမ်းသစ်ဖောက်လုပ်မှုနှင့် ပတ်သက်၍ မြန်မာနှင့်ထိုင်း နှစ်ဘက်တာဝန်ရှိသူများက KNU ထံ ယနေ့အထိ ဆက်သွယ်အကြောင်းကြားခြင်း မရှိကြောင်းလည်း KNU က ပြောသည်။

    မြဝတီ အထူးစီးပွားရေးဇုန် တည်ဆောက်မည့်ကိစ္စကို နယ်စပ်မှစီးပွားရေးသမားများနှင့် ထိုင်းဘက်က စီးပွားရေးလုပ်ငန်းရှင်များ အထူးစိတ်ဝင်စားနေကြသည်ဟု မြဝတီမြို့ခံ စီးပွားရေးလုပ်ငန်းရှင် ဦးနိုင်က ပြောသည်။

    “ဒီလမ်းသစ်ဖောက်သွားလို့ရှိရင် ကုန်တင်ယာဉ်တွေအတွက် တောင်တက်စရာမလိုပဲ ပိုမိုလွယ် ကူသွားမယ်” ဟု အထက်ပါ ဦးနိုင်က ပြောသည်။

    ၄၅ ကီလိုမီတာ ရှည်လျားသည့် မြဝတီ-ကော့ကရိတ် မြေပြန့်အဝေးပြေးလမ်းအား ၂၀၁၂ နှစ်ဆန်းပိုင်းမှ ၂၀၁၄ ဧပြီလအထိ ၂ နှစ်အတွင်း အပြီး ဖေါက်လုပ်သွားမည်ဟု အစိုးရဘက်မှ စီစဉ်ထားသည်။ မြန်မာ-ထိုင်း နှစ်နိုင်ငံ ကိုယ်စားလှယ်များ မဲဆောက်မြို့တွင် ပြီးခဲ့သည့် ၂၆ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြရာတွင်  မြန်မာကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ဦးဝင်းတင့်က မြဝတီ-ကော့ကရိတ်လမ်းအား ၂ နှစ်အတွင်း ဆောက်လုပ်သွားမည်ဟု ပြောကြားကြောင်းလည်း ဘီဘီစီ မြန်မာပိုင်းသတင်း တပုဒ်တွင် ဖော်ပြထားသည်။

    အဆိုပါလမ်းကို ထိုင်းနိုင်ငံမှ ဘတ်သန်း ၁၁၄၀ အကုန်အကျခံကာ ထိုင်းနိုင်ငံလမ်းများ၏ စံချိန်အတိုင်း ဖေါက်သွားမည်ဖြစ်သည်။

    အထက်ပါ အစည်းအဝေးပွဲတွင် မြဝတီ-ကော့ကရိတ် ကားလမ်းဖောက်လုပ်သည့်အပြင် ထိုင်း-မြန်မာ စီးပွားရေးဇုံအတွက် လိုအပ်သည့် ချစ်ကြည်ရေး တံတားသစ် ဆောက်လုပ်ရေးကိစ္စပါ ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks