Homeသတင်းရာဘာစျေး ဆက်တက်ရန်ရှိသည်ဟု ရောင်းဝယ်သူတို့ပြော

ရာဘာစျေး ဆက်တက်ရန်ရှိသည်ဟု ရောင်းဝယ်သူတို့ပြော

-

ရိုင်မရော့ – မွန်ပြည်နယ်အတွင်း ရာဘာစျေးနှုန်းများ တပတ်ခန့်ကြာပြန်လည်ကောင်းမွန်လာပြီး နောက်ထပ် စျေးဆက်တက်ရန်ရှိသည်ဟုလည်း ရာဘာရောင်းဝယ်နေသူတို့က ပြောသည်။

“ခုတပတ်အတွင်းမှာပဲ ရာဘာစျေး ပြန်တက်လာတယ်၊ ကျနော်တို့ သွင်းနေတဲ့ ဒိုင်တွေပြောတာက ဆက်တက်ဖို့ရှိသေးတယ်” ဟု မွန်ပြည်နယ်၊ မုဒုံမြို့နယ်အတွင်း ရာဘာအရောင်းအဝယ်လုပ်နေသူ နိုင်ကျော်က ပြောသည်။

၂၀၁၁ နိုဝင်ဘာလခန့်ကစပြီး မွန်ပြည်နယ်အတွင်း ရာဘာစျေးနှုန်းများ စတင်ကျဆင်းကာ ရာဘာအပါး တစ်ပေါင်လျှင် ၉၀၀ ကျပ်အောက်အထိ ကျဆင်းသွားပြီးနောက်ပိုင်း ယခုလ ဒုတိယအပတ်ခန့်ကစပြီး တစ်ပေါင်လျှင် ၁၃၀၀ ကျပ် ဝန်းကျင်ထိ ထိုးတက်သွားကြောင်း ၄င်းကပြောသည်။

မွန်ပြည်နယ်ထွက်ရာဘာများကို အရည်အသွေးကောင်း ရာဘာအပါးနှင့် အရည်အသွေးညံ့ရာဘာအထူ ဟူ၍သတ်မှတ်ရောင်းချကြသည်။ လက်ရှိပေါင်းစျေးတွင် ရာဘာအထူတစ်ပေါင်လျှင် ၉၀၀ ကျပ် ကျော်စျေးနှုန်းပေါက်နေသည်။

ယခင်ရာဘာစျေးကောင်းချိန်တွင် မွန်ပြည်နယ်ဒေသအတွင်း ရာဘာတစ်ပေါင်လျှင် ၁၈၀၀ ကျပ်အထိ စျေးပေါက်ခဲ့ဖူးသည်။

“ဒီအချိန်က အရွက်ကြွေလို့ အစေးထုတ်နားရချိန်ဆိုတော့ စျေးကတက်လာတယ်လေ၊ အခုစျေးကတော့ သိပ်မဆိုးလှဘူး၊ ဒါပေမယ့် တချို့ကတော့ ထုတ်မရောင်းသေးဘူး စျေးထပ်တက်တာကို စောင့်နေကြတယ်” ဟု မုဒုံမြို့နယ်၊ ရောင်းဒေါင်းကျေးရွာမှ ရာဘာခြံပိုင်ရှင် မိရွှေက ပြောသည်။

ရာဘာစျေးကျချိန်တွင် ရာဘာခြံပိုင်ရှင်အများစုတို့က ရာဘာကိုသိုလှောင်ထားကြကာ ယခုကဲ့သို့ ရာဘာစျေးနှုန်းပြန်တက်လာချိန်မှ ထုတ်ရောင်းကြလေ့ရှိသည်။

“ရာဘာစျေးတက်တာက ပြည်ပက အဝယ်လိုက်လာတာလည်းပါတယ်၊ အခုဆို အဝယ်ဒိုင်ကြီးတွေ အလုအယက် လိုက်ဝယ်ကြတယ်ဆိုတော့ စျေးကလည်း လိုက်တက်တယ်” ဟု သံဖြူဇရပ်မှ ရာဘာရောင်းဝယ်နေသူတဦးက ပြောသည်။

မွန်ပြည်နယ်တွင် မုဒုံ၊ သံဖြူဇရပ်၊ ဘီးလင်း၊ ကျိုက်ထို၊ ကျိုက်မရော၊ ရေးအစရှိသည့် မြို့နယ်များတွင် ရွှေမဲ(ခေါ်)ရာဘာစိုက်ပျိုးခြင်းကို အဓိကစီးပွားရေးလုပ်ငန်းတခုအနေဖြင့် အသက်မွေးဝမ်းကျောင်းပြုကြသည်။

တနိုင်ငံလုံးရှိ ရာဘာစိုက်ဧက၏ ၃၇ ဒဿမ ဝ၆ ရာခိုင်နှုန်း မွန်ပြည်နယ်တွင်ရှိသည်။ ၁၉၈၈ မတိုင်မီ စိုက်ဧက ရ၆,၆ဝ၇ ဧက ရှိရာမှ ၂ဝဝ၉-၂ဝ၁ဝ တွင် ၄၂၃,၆၉၂ ဧကထိ တိုးလာပြီး၊ ၂၂ နှစ်အတွင်း စိုက်ဧက ၅ ဆကျော် တိုးလာကြောင်း ဇန်နဝါရီလ ၁၁ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ အယ်ဒီတာ့ အာဘော်တွင် ဖော်ပြထားသည်။

မွန်ပြည်နယ်မှထွက်သည့် ရာဘာများကို မြန်မာပြည်အနှံ့ အထူးသဖြင့် ရန်ကုန်၊ မန္တလေးမြို့ပေါ်ရှိ ရာဘာအဝယ်ဒိုင်ကြီးများထံသို့ နယ်အဝယ်ဒိုင်မှတဆင့် တင်ပို့ရောင်းချကြကာ ထိုမှတဆင့်ပြည်ပသို့ ဆက်လက်တင်ပို့ကြသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts