Monday, March 9, 2026
More
    spot_img
    Homeသတင်းပဲခူးမြို့နယ်ဆောင်းသီးနှံ ပဲစိုက်ခင်းများ ပိုးဖျက်ဆီး

    ပဲခူးမြို့နယ်ဆောင်းသီးနှံ ပဲစိုက်ခင်းများ ပိုးဖျက်ဆီး

    -

    မင်းတော်လဝီ – ပဲခူးမြို့နယ်တွင် စပါးရိတ်ပြီးဆောင်းသီးနှံအဖြစ် ပဲမျိုးစုံစိုက်ပျိုးလေ့ရှိရာ အထူးသဖြင့် ပဲတီစိမ်းနှင့်မတ်ပဲများ ပိုးဖျက်ဆီးမှုဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများကြောင်း သိရသည်။

    ပဲခူးမြို့နယ်တွင် စပါးကိုအများဆုံးစိုက်ပျိုးကြပြီး ဒုတိယအများဆုံးစိုက်ပျိုးသီးနှံမှာ ပဲတီစိမ်းနှင့်မတ်ပဲတို့ဖြစ်သည်။

    “မိုးစပါးတုန်းက ရေကြီးလို့ စပါးပျက်တယ်၊ ဝမ်းစာမရတဲ့အပြင် အကြွေးတင်တယ်၊ အကြွေးကျေဖို့ ဆောင်းမှာ ပဲတီစိမ်းနဲ့ မတ်ပဲကို မျိုးစေ့ (၁၇) တင်းနဲ့ ၂၇ ဧကစိုက်ခဲ့တယ်၊ အဲဒါ အခုပိုးဖျက်လို့ အပင်သုံးပုံမှာ တပုံလောက်ပဲ ကျန်တော့တယ်” ဟု ပဲခူးမြို့နယ် ကျိုက်ကစင်းကွင်းတွင် ပဲစိုက်နေသည့် မွန်စံပြရပ်ကွက်မှ လယ်သမားတဦးက ပြောသည်။

    ပဲစိုက်တောင်သူတို့က ပဲတီစိမ်းနှင့် မတ်ပဲ မျိုးစေ့များကို တတင်းလျှင် ကျပ်ငွေသုံးသောင်းနှုန်းဖြင့် ဝယ်ပြီး စိုက်ပျိုးကြသည်။

    “ကျနော့်မှာ (၈) ဧကရှိတယ် (၅) ဧကလောက် ပိုးဖျက်ခံထားရတယ်၊ ပြန်မစိုက်နိုင်တော့ဘူး၊ စပါးလည်းရှုံး ပဲလည်းရှုံး”ဟု ပဲခူးမြို့နယ်၊ စိုင်တီရွာရှိ ကျိုက်ကစင်းကွင်းမှ ဦးထွန်းလှိုင်က ပြောသည်၊ ၄င်းက ပဲစေ့ကိုစျေးကြီးပေးဝယ်ပြီးစိုက်ထားရာ အပင်အမြင့် ၆ လက္မခန့်ရှိလာမှ ပိုးဖျက်ဆီးခြင်းကို ခံရလေသည်။

    စိုင်တီရွာမှ နိုင်ရွှေဝါကလည်း “ပိုးက ခဲတန်လောက်၊ လက်သန်းလောက် အရေခွံမှာမြွေပွေးကွက်လို အကောင်ပျော့တွေ၊ ညအခါမှာ အပင်ကို ကိုက်ဖြတ်တယ်၊ စားတယ်၊ နေ့မှာမြေကြီးနဲ့ အပင်ရင်းမှာပုန်းနေတယ်၊ ပိုးသတ်ဆေးဖျန်းလည်း မထိရောက်ပါဘူး” ယခုကျသောဖျက်ပိုးသည် ပဲမျိုးရင်းပင်တမျိုးတည်းကိုသာ ကျရောက်တတ်သော ဖျက်ပိုးအမျိုးအစား မဟုတ်ဘဲ ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်းနှင့် အခြားဟင်းသီးဟင်းရွက်ပင်များတွင်လည်း ကျရောက်တတ်သည်။

    အထူးသဖြင့် မိုးတွင်းရေမြုပ်လယ်မြေနေရာများ၌ သီးထပ်ပြန်စိုက်သည့်အခါတွင် စွတ်စိုထိုင်းမှိုင်းသည့်ကာလ၌ကျတတ်သည့် ငမြောင်တောင် ပိုးအကောင်ငယ်ဘဝမှ ပိုးလောင်းကောင်ဘဝ သက်တမ်း ၂၁ ရက်မှ တလနီးပါးအထိ ဖျက်ဆီးတတ်သည်ဟု ပဲခူးတိုင်း၊ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း သီးနှံကာကွယ်ရေးဌာနစုမှ အငြိမ်းစားအရာရှိ တဦးက ပြောသည်။

    ၂၀၀၉ ခုနှစ်ကလည်း ယခုကဲ့သို့ ငမြောင်တောင်ပိုးကျပြီး ပဲခူးတိုင်း၊ ဝေါမြို့နယ်ရှိ မှုံကတုံး၊ ညောင်ခါးရှည်၊ ကဒွတ်၊ အဗျား အစရှိတဲ့ရွာများတွင် ပဲနှင့်မြေပဲစိုက်ခင်းများ ပျက်စီးဆုံးရှုံးမှုများစွာရှိခဲ့သည်ဟု အငြိမ်းစားက ပြောသည်။

    ယခုနှစ် ပဲခူးမြို့နယ် ပဲမျိုးစုံစိုက်ပျိုးမှုလျာထားဧကမှာ ၄၀၀၀၀ ကျော်ဖြစ်ပြီး စိုက်ပျိုးပြီးစီးမှုမှာဧက ၃၀၀၀၀ ကျော်သည်ဟု မြို့နယ်မြေစာရင်းဦးစီးဌာန၏ ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်နေ့ စာရင်းအရ သိရှိရသည်။

    ယခုကဲ့သို့ ပိုးမွှားဖျက်ဆီးမှုဒဏ်ကို ခံရသည့်အတွက် စိုက်ဧက၏သုံးပုံအနက် တပုံမှာ ပျက်စီးနေပြီးဖြစ်၍ ယခုနှစ်ပဲအထွက်လည်း လျှော့နည်းနိုင်မည်ဟု ပဲအဝယ်ဒိုင်များက ခန့်မှန်းနေကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks