spot_img
Monday, February 16, 2026
More
    spot_img
    Homeသတင်းနှစ်ပါတီပေါင်းစည်းမှုညှိနှိုင်းရေးကော်မတီ မွန်ဒီမိုဖွဲ့စည်း

    နှစ်ပါတီပေါင်းစည်းမှုညှိနှိုင်းရေးကော်မတီ မွန်ဒီမိုဖွဲ့စည်း

    -

    မင်းသုတ– မွန်တိုင်းရင်းသားနှစ်ပါတီပေါင်းစည်းနိုင်ရေးအတွက် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့(မွန်ဒီမို) MNDF က နှစ်ပါတီပေါင်းစည်းမှုညှိနှိုင်းရေးကော်မတီတရပ်ကို ဖွဲ့စည်းလိုက်သည်။

    မွန်စာပေနှင့်ယဉ်ကျေးမှု(ဗဟို)ဥက္ကဌ ဒေါက်တာမင်းကြည်ဝင်း ယခင်အခမ်းအနားတစ်ခုတွင် မိန့်ခွန်းပြောကြားနေစဉ်
    မွန်စာပေနှင့်ယဉ်ကျေးမှု(ဗဟို)ဥက္ကဌ ဒေါက်တာမင်းကြည်ဝင်း ယခင်အခမ်းအနားတစ်ခုတွင် မိန့်ခွန်းပြောကြားနေစဉ်

    မော်လမြိုင်မြို့၌ ယခုလ ၂၂ ရက်နေ့တွင်ကျင်းပခဲ့သော မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ ဗဟိုကော်မတီအစည်းအဝေးတွင် ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်ဟု တွဲဖက်အတွင်းရေးမှူး(၁) ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။

    “ ဒီကော်မတီကနေ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP က အဓိကအဆုံးအဖြတ်ပေးနိုင်တဲ့ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံဆွေးနွေးပြီး ရလာတဲ့ဆုံးဖြတ်ချက်တွေကို မွန်ဒီမိုဗဟိုကော်မတီကို တင်ပြရမှာဖြစ်တယ်” ဟု ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။

    ထို့အပြင် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့မှတ်ပုံတင်ရေး မတင်ရေးကိစ္စသည် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသော တိုင်းရင်းသားခေါင်းဆောင်များအား ပြန်လွှတ်ပေး မပေးဆိုသည့်အပေါ် စောင့်ကြည့်ရဦးမည်ဟု မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ ဗဟိုကော်မတီက သုံးသပ်ခဲ့ခြင်းဖြစ်သည်။

    “လက်ရှိကျနော်တို့ပါတီက တရားဝင်ဖြစ်နေပြီးဆိုတော့ ဒီနာမည်အတိုင်းဆက်သုံးသင့်တယ်လို့ ကျနော်တို့ပါတီကိုယ်စားလှယ်နဲ့ မွန်ဒီမိုကိုယ်စားလှယ်တို့နှစ်ဖက်တွေ့ဆုံစဉ်က ပြောခဲ့တယ်” ဟု မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီဥက္ကဌ နိုင်ငွေသိန်းက ပြောသည်။

    မွန်ပါတီနှစ်ခုပေါင်းစည်းသင့်မသင့်ကိစ္စရပ်အပေါ် စစ်တမ်းကောက်ယူရန် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီမှ နိုင်ချစ်ဦး(ကရင်ပြည်နယ်အစိုးရ-မွန်တိုင်းရင်းသားရေးရာဝန်ကြီး)ဦးဆောင်သည့်(၇)ဦးပါ ကော်မရှင်တရပ်ကို ပြီးခဲ့သည့်နိုဝင်ဘာလ(၂၇) ရက်နေ့တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

    “သူတို့ပါတီက အဆုံးအဖြတ်ပေးနိုင်တဲ့ပုဂ္ဂိုလ်တွေနဲ့မှ ကျနော်တို့တွေ့နိုင်မယ်၊ အဆုံးအဖြတ်မပေးနိုင်တဲ့ ကော်မရှင်အဖွဲ့နဲ့တော့ တွေ့ဆုံခဲ့ပြီးပဲ၊ မထူးပါဘူး”ဟု ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။

    “ပါတီဘယ်နာမည်ကိုသုံးရမှာကို ရွေးကောက်ပွဲဝင်သင့်မသင့် ၁၅ ဦးကော်မတီဖွဲ့စည်းခဲ့တဲ့ကာလတွေမှာ ဆုံးဖြတ်ထားပြီးသားပဲ၊ အဲဒီနာမည်ကိုသုံးရင် ဘာအခက်အခဲမှမရှိနိုင်ဘူး၊ မွန်ဒီမိုရော မွန်ဒေသရောနာမည်လုနေစရာမလိုပါဘူး” ဟု နိုင်တင်အောင် (ဒုဥက္ကဌ-MNDF)က ပြောသည်။

    မွန်တိုင်းရင်းသားပါတီအနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲဝင်ရန် ပါတီမှတ်ပုံတင်သင့်မသင့်နှင့်ပတ်သက်ပြီး ၂၀၀၉ ခုနှစ် ဇွန်လကုန်ပိုင်းတွင် (၁၅) ဦးကော်မတီကိုဖွဲ့စည်းခဲ့ရာတွင် ဝါရင့်နိုင်ငံရေးသမား များဖြစ်ကြသော နိုင်ထွန်းသိန်း(MNDF ဥက္ကဌဟောင်း)နှင့် နိုင်ငွေသိမ်း(လက်ရှိMNDF ဥက္ကဌ)၊ နိုင်ငွေသိန်း(ခေါ်) နိုင်ဂျနူမွန်(လက်ရှိ AMDP ဥက္ကဌ)၊ နိုင်တင်အောင် (ဒုဥက္ကဌ-MNDF-မွန်ပြည်သစ်ပါတီဗဟိုအလုပ်အမှုဆောင်ဟောင်း)၊ နိုင်မြင့်ဆွေ (မွန်ပြည်သစ်ပါတီဗဟိုကော်မတီဝင်ဟောင်း-လက်ရှိမွန်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီး)၊ ဒေါက်တာ ဗညားအောင်မိုး(မွန်ပြည်သစ်ပါတီဝင်ဟောင်း- ယခုအမျိုးသားလွှတ်တော်ကိုယ်စားလှယ်)၊ ၊ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ အမတ်များဖြစ်သော မွန်ဒီမို MNDF အထွေထွေအတွင်းရေးမှူး ဒေါက်တာမင်းစိုးလင်း၊ တွဲဖက်အတွင်းရေးမှုး ဒေါက်တာမင်းကြည်ဝင်းနှင့် အငြိမ်းစား ပြည်နယ်ကျန်းမာရေးမှူးဟောင်း ဒေါက်တာမင်းနွယ်စိုး(မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီး)တို့ပါဝင်ခဲ့ကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks