Homeသတင်းကချင်ဒုက္ခသည်များကို ထိုင်းဘတ် ငါးသောင်း ကူညီရန် MYF ဆုံးဖြတ်

ကချင်ဒုက္ခသည်များကို ထိုင်းဘတ် ငါးသောင်း ကူညီရန် MYF ဆုံးဖြတ်

-

လွတ်လပ်သောမွန်သတင်အေဂျင်စီ – နိုင်ငံတကာရောက် မွန်လူများဖြင့် ဖွဲ့စည်းထားသည့် မွန်လူငယ် ဖောင်ဒေးရှင်း (Mon Youth Foundation) တို့ ဦးဆောင်ပြီး ကချင်စစ်ပြေးဒုက္ခသည်များကို ထိုင်းဘတ်ငွေ ငါးသောင်း ကူညီရန် ဆုံးဖြတ်ချက်ချခဲ့သည်။

ယမန်နေ့က ကျင်းပခဲ့သည့် အစည်းအဝေးတွင် ကော်မတီဝင် ရ ဦးတို့မှ အနည်းဆုံး ထိုင်းငွေငါးသောင်း ကူညီသွားမည်ဟု ဆုံးဖြတ်ခဲ့ပြီး အခြေအနေပေါ်မူတည်ပြီး နောက်ထပ်လည်း ကူညီသွားမည်ဟု ကော်မတီအဖွဲ့ဝင်တဦးဖြစ်သည့် မိအိုင်းစွန်းက ပြောသည်။

“ကျမတို့ ဆုံးဖြတ်ထားတာက ပထမ ဘတ် ငါးသောင်း အရင်ပေးမယ် နောက်တော့မှ ဒီ့ထက် ပိုလှူများ စီစဉ်သွားမယ်၊ ကျမတို့က ကချင်အဖွဲ့ကို ပိုက်ဆံပဲပေးမယ် ပြီးတော့မှ ကျမတို့ လှူချင်တဲ့အရာတွေကို သူတို့ကို ပြောမယ်” ဟု မိအိုင်းစွန်းက ပြောသည်။

ကူညီရန်အတွက် ကချင်လူငယ်ကျောင်းသားများသမဂ္ဂအဖွဲ့နှင့် ချိတ်ဆက်ထားပြီး ဆောင်းရာသီဖြစ်သည့်အတွက် အနွေးထည်နှင့် စောင်များ လှူရန် ဆုံးဖြတ်ထားကြောင်းလည်း ၄င်းက ပြောသည်။

ကချင်ပြည်နယ် တရုတ်မြန်မာနယ်စပ်တွင် စစ်ပြေးဒုက္ခသည် သုံးသောင်းကျော်ရှိပြီး၊ မြို့ပေါ်တွင် ဒုက္ခသည် ခြောက်ထောင်ကျော်ရှိကာ လတ်တလော ဖြစ်ပွားနေသည့် စစ်ပွဲကြောင့် စစ်ပြေးဒုက္ခသည် စုစုပေါင်း ငါးသောင်းဝန်းကျင်ရှိနေပြီးဖြစ်ကြောင်း ကချင်လူငယ်ကျောင်းသားများသမဂ္ဂအဖွဲ့မှ တာဝန်ရှိသူ ကိုနော်စန်းက ပြောသည်။

ကိုနော်စန်းက “သူတို့ (MYF) အဖွဲ့က ကျနော်တို့နဲ့ ဆက်သွယ်ထားတာပေါ့နော် ကူညီဖို့ဆိုတာကို အဲဒါ ကျနော်တို့ ဒုက္ခသည်တွေအတွက် ဘာတွေလိုအပ်နေလဲဆိုတာ သူတို့ဘက်က သိချင်တာပေါ့နော်”

ကချင်စစ်ပြေးဒုက္ခသည်များအတွက် အစားအသောက်၊ အနွေးထည်နှင့် စောင်တို့ အရေးပေါ်လိုအပ်နေသည်ဟုလည်း သူက ပြောသည်။

ထို့ပြင် နိုဝင်ဘာလကစပြီး ပြည်တွင်းရှိ လူမှုရေးအဖွဲ့အစည်းတချို့ကလည်း ကချင်စစ်ပြေးဒုက္ခသည်များကို လာရောက်ကူညီပေမှုပြုနေကြောင်းလည်း သိရသည်။

အစိုးရ၏ နယ်ခြားစောင့်တပ်ပြောင်းလဲခြင်းကို လက်မခံသည့် ကချင်လွတ်မြောက်ရေး တပ်မတော် နှင့် စစ်အစိုးရတို့ အကြား ငြိမ်းချမ်းရေး ပျက်ပြယ် သွားပြီး နောက်ပိုင်း နှစ်ဖက်ထိုးစစ်ဆင်နေခြင်းကြောင့် ကချင် စစ်ပြေးဒုက္ခသည် သောင်းနှင့်ချီပြီး တရုတ်နယ်စပ်ဘက်သို့ ထွက်ပြေးနေရပြီး တနေ့ထက်တနေ့လည်း ဒုက္ခများတိုးလာနေကြောင်း သိရသည်။

မွန်လူငယ်ဖောင်ဒေးရှင်းသည် ကိုးရီးယား၊ ကနေဒါ၊ သြစတြေလျာ၊ အမေရိကန်၊ စင်ကာပူနှင့် ထိုင်းနိုင်တွင် ရောက်ရှိနေကြသည့် မွန်လူငယ်များ မွန်ကျောင်းသားများဖြင့် ၂၀၀၈ ခုနှစ်တွင် စတင်ဖွဲ့ခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts