Homeသတင်းပြန်ပေးဆွဲခံရသူ ထိုင်းအမျိုးသမီးသုံးဦးအနက် နှစ်ဦးပြန်လွတ်လာ

ပြန်ပေးဆွဲခံရသူ ထိုင်းအမျိုးသမီးသုံးဦးအနက် နှစ်ဦးပြန်လွတ်လာ

-

မိလယီထော – ထိုင်-မြန်မာနယ်စပ် ဘုရားသုံးဆူဒေသအတွင်း လှုပ်ရှားနေသည့် အမည်မသိလက်နက်ကိုင်အဖွဲ့တဖွဲ့မှ ထိုင်းအမျိုးသမီးသုံးဦးကို ပြန်ပေးဆွဲထားရာမှ နှစ်ဦးကို ပြန်လွှတ်ပေးလိုက်သည်။

အဖမ်းခံရသူ အသက်(၃၀) ဝန်းကျင်ရှိ ထိုင်းအမျိုးသမီး(၃) ဦးသည် အောက်တိုဘာ(၂) ရက်နေ့က ကားဖြင့် ဘုရားသုံးဆူမြို့သို့ လှို့ဝှက်ရောက်လာစဉ် ထိုသို့ဖမ်းဆီးခံလိုက်ရပြီး ဘတ် ၂ သန်းဖြင့် လာရောက်ရွေးယူရန် အဆိုပါလက်နက်ကိုင်ဖွဲ့က တောင်းဆိုထားခြင်းဖြစ်ကြောင်း နယ်စပ်ရှိ ထိုင်းအာဏာပိုင်တဦးက ပြောသည်။

၄င်းက “လွတ်လာတဲ့ နှစ်ဦးက သူတို့ဆွေမျိုးတွေ ဘတ်ငါးသိန်းနဲ့ ရွေးခဲ့တယ်၊ ကျန်တဲ့မိန်းကလေးတစ်ယောက်နဲ့ ကားကိုတော့ ကျန်တဲ့ငွေကို ထပ်ပေးမှလွှတ်ပေးမယ်လို့ ပြောတာပဲ”

အဖမ်းဆီးခံရသည့် ထိုင်းအမျိုးသမီး သုံးဦးသည် ထိုလက်နက်ကိုင်အဖွဲ့တို့နှင့် မူးယစ်းဆေးဝါးဆိုင်ရာ ငွေကြေးအရှုပ်အရှင်းပြဿနာကြောင့် ယခုလို အဖမ်းခံရသည်ဟု နယ်စပ်ရှိ ထိုင်းအာဏာပိုင်တွေက ယူဆနေကြသည်။

၄င်းဖြစ်ရပ်ကို ဘုရားသုံးဆူမြို့ရှိ မြန်မာစစ်တပ်နှင့် ရဲအရာရှိများလည်း သိရှိနေပြီး အဖမ်းခံရသူများ လွတ်မြောက်ရန် ကြိုးစားပေးနေကြောင်းလည်း အမည်မဖေါ်လိုသည့် မြန်မာအရာရှိတဦးက အတည်ပြုပြောကြားသည်။

“မူးယစ်ဆေးဝါး  ငွေပြဿနာအရှုပ်အရှင်းဖြစ်ကြတာ၊ စုံစမ်းရသလောက်ကတော့ အဲဒီအမျိုးသမီးတွေကို မြန်မာဖက်ကမ်းရောက်လာအောင် တဖက်လှည့်ခေါ်လာပြီးတော့ ခုလို ပြန်ပေးသဘောမျိုးနဲ့ ဖမ်းလိုက်တယ်” ဟု အထက်ပါ မြန်မာအရာရှိက ပြောသည်။

အထက်ပါဖြစ်ရပ်နှင့် ပတ်သက်ပြီး ပါဝင်ပတ်သက်နေသည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းနှင့် ထိုင်းအမျိုးသမီးတို့၏ နာမည်တို့ကို လွတ်လပ်သောမွန်သတင်းအေဂျင်စီမှသိရှိထားသော်လည်း သီးခြားအတည်မပြုနိုင်သဖြင့် ထုတ်ဖေါ်ခွင့်မရှိပေ။

ဘုရားသုံးဆူဒေသသည် ထိုင်းနိုင်ငံသို့ မူးယစ်ဆေးဝါးများ တင်သွင်းနေသည့် ဝင်ပေါက်တစ်ခုဖြစ်နေသည်ဟုလည်း စောင့်ကြည့်လေ့လာနေသူများက ဆိုသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts