spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းအပစ်ခတ်ရပ်စဲရေးကြေငြာပေးရန် တိုင်းရင်းသား (၅) ပါတီသဘောထားထုတ်ပြန်

    အပစ်ခတ်ရပ်စဲရေးကြေငြာပေးရန် တိုင်းရင်းသား (၅) ပါတီသဘောထားထုတ်ပြန်

    -

    မင်းသုတ– နှစ်ဦးနှစ်ဖက်အပစ်အခတ်ရပ်စဲရေးကိုကြေငြာပေးပြီး ပြည်တွင်းငြိမ်းချမ်းရေးအလုပ်ရုံဆွေးနွေးပွဲကို အမြန်ဆုံးခေါ်ယူကျင်းပပေးပါရန်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံးပြန်လွှတ်ပေးရေးကို အမြန်ဆုံးအကောင်ထည်ဖေါ်ပေးပါရန် တိုက်တွန်းသည့်သဘောထားကြေညာချက်ကို ယမန်နေ့အောက်တိုဘာလ (၂) ရက်နေ့စွဲဖြင့် ညီနောင်တိုင်းရင်းသား (၅) ပါတီက ထုတ်ပြန်ခဲ့သည်။

    ညီနောင်တိုင်းရင်းသား (၅) ပါတီက ယမန်နေ့တွင် ရန်ကုန်မြို့၌ အရေးပေါ်အစည်းအဝေးတစ်ရပ်ကျင်းပပြီး ၄င်းကြေညာချက်အမှတ် (၅/၂၀၁၁) ထုတ်ပြန်ခဲ့ရာ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီဥက္ကဌ နိုင်ငွေသိန်း၊ ချင်းအမျိုးသားပါတီဥက္ကဌ ဦးဇိုဇမ်၊ ဖလုံစဝေါ်ဒီမိုကရေစီပါတီဥက္ကဌ ဦးစောသန်းကျော်ဦး၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ဘဏ္ဍာရေးမှူးဦးစောသန်းမြင့်၊ ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဦးလှစောတို့ အသီးသီးလက်မှတ်ရေးထိုးခဲ့ကြသည်။

    “အစိုးရလက်ရှိဖွဲ့စည်းထားတဲ့ ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီဟာ လက်တွေ့မှအလုပ်ဖြစ်မြောက်နိုင်တဲ့ ပုဂ္ဂိုလ်တွေ ပါဝင်တာမတွေ့မိဘူး၊ အစိုးရရဲ့သြဇာခံတွေချည်းပဲပါနေတယ်၊ ဖြစ်သင့်တာက အစိုးရသစ်ရဲ့ဦးဆောင်မှုနဲ့ ကျနော်တို့ညီနောင်တိုင်းရင်းသားပါတီဝင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဂုဏ်သိက္ခာရှိတဲ့ပုဂ္ဂိုလ်တွေ၊ ပညာရှင်တွေ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ဖို့သင့်တယ်” ဟု မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီဥက္ကဌ နိုင်ငွေသိန်းက လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ ပြောသည်။

    ပြီးခဲ့သည့် စက်တင်ဘာလ (၅) ရက်နေ့၌ ကျင်းပခဲ့သော ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယအကြိမ်ပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့တွင် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ ဖွဲ့စည်းခဲ့ရာတွင် ပြည်ခိုင်ဖြိုးပါတီအဖွဲ့ဝင်များသာ အဓိကစိုးမိုးနေရာယူထားသည်။ ထို့အပြင် ၄င်းကော်မတီတွင် ညီနောင်တိုင်းရင်းသားပါတီမှ (၄) ပါတီကိုထည့်သွင်းခဲ့သော်လည်း မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီ ပါတီကိုမထည့်သွင်းခဲ့ပေ။

    “ငြိမ်းချမ်းရေးကော်မတီကို ပြင်ဆင်ဖွဲ့စည်းပါ၊ “ငြိမ်းချမ်းရေးအလုပ်ရုံဆွေးနွေးပွဲအမြန်ဆုံးဖြစ်အောင်လုပ်ပါ၊ ပြည်သူတွေကြားမှာပွင့်ပွင့်လင်းလင်းဆွေးနွေပြပါ” နိုင်ငွေသိန်းက ဆက်ပြောသည်။

    တဆက်တည်းမှာပင် အစိုးရသစ်အနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ်လျှောက်လှမ်းမည်ဟု ပြောဆိုနေမှုတွင် ပြည်သူများက ယုံတစ်ဝက်မယုံတစ်ဝက်ဖြစ်နေကြောင်း သူကဆက်ပြောသည်။

    တိုင်းရင်းသား (၅) ပါတီသဘောထားထုတ်ပြန်ချက်နိဂုံးပိုင်းတွင် နှစ်ရှည်လများအပြစ်ဒဏ်ကျခံနေရသည့် ဦးခွန်ထွန်းဦးနှင့် တိုင်းရင်းသားခေါင်းဆောင်များ၊ မင်းကိုနိုင်နှင့် ကျောင်းသားခေါင်းဆောင်များအပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးပြန်လွှတ်ပေးရေးကို အမြန်ဆုံးအကောင်အထည်ဖေါ်ပေးပါရန် တိုက်တွန်းအပ်ပါသည်ဟု ရေးသားထားသည်။

    စက်တင်ဘာလ ၃၀ ရက်နေ့တွင် လွှတ်တော်အသီးသီးသို့ပေးပို့ခဲ့သော သမ္မတဦးသိန်းစိန်၏ မြစ်ဆုံဆည်တည်ဆောက်ခြင်းအား ရပ်ဆိုင်းသည့်သဝဏ်လွှာတွင် နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရေးကိစ္စကို ဖွဲ့စည်းပုံအခြေခံဥပဒေပါ အပ်နှင်းထားသည့်အခွင့်အာဏာအတွင်းမှ ဆောင်ရွက်ပေးသွားမည်ဟု ပါရှိခဲ့သည်။

    ညီနောင် ၅ ပါတီတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီနှင့် ချင်းအမျိုးသားပါတီတို့ ပါဝင်ကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks