spot_img
Friday, November 14, 2025
More
    spot_img
    Homeသတင်းမွန်ပြည်နယ်ကျေးရွာအချို့ ပြည်သူများအား ချေးငွေထုတ်ပေး

    မွန်ပြည်နယ်ကျေးရွာအချို့ ပြည်သူများအား ချေးငွေထုတ်ပေး

    -

    ဂျူရီချိုင်း၊ လွတ်လပ်သော မွန်သတင်းအေဂျင်စီ – မွန်ပြည်နယ်၊ မုဒုံမြို့နယ်အတွင်းရှိ ပြည်သူများအား ယခုရက်ပိုင်းအတွင်း သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများထံမှ ချေးငွေများ ထုတ်ပေးနေကြောင်း သိရသည်။

    “ချေးငွေတွေ ထုတ်ပေးနေတယ် အတိုး ၂ ကျပ်နဲ့၊ စာရင်းသွင်းပေးပြီးရင်ရက်သိပ်မကြာဘူး၊ တစ်ပတ်လောက်ဆိုရပြီး၊ စာရင်းပေးတဲ့သူတွေလည်း သွားပေးတုန်းပဲ” ဟု မုဒုံမြို့နယ်၊ ကွမ်လှာရွာမှ ချေးငွေထုတ်ချေးခဲ့သူတစ်ဦးက ပြောသည်။

    မုဒုံ
    မုဒုံမြို့

    အဆိုပါချေးငွေများကို ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့ထံ စာရင်းပေးသွင်းရပြီး မိသားစုတစ်စုလျှင် အများဆုံးငွေကျပ် ၃ သိန်းကို အတိုးနှုန်း ၂ ကျပ်ဖြင့် ထုတ်ပေးနေကြောင်း၊ တစ်နှစ်အတွက်ထုတ်ချေးသွားမည်ဖြစ်ပြီး အတိုးငွေနှုန်းများကိုသတ်မှတ်ကာလတွင် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးထံ ပြန်လည်ပေးဆပ်ရမည်ဟု အထက်ပါကွမ်လှာရွာသူက ပြောသည်။

    စာရင်းပေးသွင်းသည့်သူများမှာ တစ်နေ့ကို အယောက် ၂၀ ခန့်ရှိပြီး ကွမ်လှာရွာတွင်ငွေကျပ်ပေါင်း သိန်း ၁၀၀ နီးပါးခန့် ချေးငွေထုတ်ပေးခဲ့ပြီဟု သိရသည်။

    ချေးငွေများမှရရှိလာသော အတိုးငွေ ၂ ကျပ်အနက် တစ်ကျပ်ကို ပြည်နယ်အုပ်ချုပ်ရေးမှူးထံ မြို့နယ်အာဏာပိုင်မှတဆင့် ပေးသွင်းကြရပြီး ကျန်သည့်အတိုးငွေတစ်ကျပ်ကို ကျေးရွာဖွံဖြိုးရေးအတွက် ပေးအပ်မည်ဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးက ပြောပြသည်။

    ယင်းချေးငွေများမှာ ပြည်နယ်ဖွံ့ဖြိုးရေးရံပုံငွေများဖြစ်ကြောင်း ကျေးရွာအာဏာပိုင်များက ပြောဆိုနေကြသည်။ သို့ရာတွင် အသေးစိတ်ကိုမသိရှိရသေးပေ။

    အလားတူ ပြီးခဲ့သည့်သီတင်းပတ်တွင် မုဒုံမြို့နယ်၊ ဒိုးမားရွာနှင့် ဆက်သွယ်ကျေးရွာတို့၌ ပြည်တွင်းအန်ဂျီအိုအဖွဲ့တစ်ဖွဲ့ဖြစ်သည့် မေတ္တာဖောင်ဒေးရှင်းဝန်ထမ်းများလာရောက်ပြီး ချေးငွေများ ထုတ်ပေးရေးကိစ္စကို ကျေးရွာသားများအား အစည်းအဝေးပွဲတစ်ရပ် ကျင်းပခဲ့သည်ဟု ဒိုးမားရွာခံတစ်ဦးက ပြောသည်။

    “ချေးငွေလိုချင်တဲ့သူတွေအပေါ် စည်းကမ်းသိပ်မတင်းကြပ်ထားပါဘူး၊ သက်ဆိုင်တဲ့ကျေးရွာအုပ်ချုပ်ရေးမှူးတွေ တာဝန်ယူလို့ရှိရင် ထုတ်ပေးမယ်၊ လာမယ့် ပွင့်လင်းရာသီကျမှ ချေးငွေတွေရမယ်တဲ့” ဟု အထက်ပါရွာခံက ပြောသည်။

    ယခုကဲ့သို့ချေးငွေများထုတ်ပေးခြင်းကို မြို့နယ်တိုင်း၊ ကျေးရွာတိုင်းတွင် ထုတ်ပေးမည့် အစီအစဉ်ရှိနိုင်ကြောင်း စီးပွားရေးလေ့လာသူများက သုံးသပ်ပြောဆိုနေကြသည်။

     

     

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    37,900SubscribersSubscribe
    spot_img

    Latest posts