မြန်မာနိုင်ငံလွတ်လပ်ရေးရရှိခဲ့သည်မှာ နှစ်ပေါင်း (၆၀) ကျော်ခဲ့ပေပြီ။ သို့ရာတွင် မြန်မာနိုင်ငံ တိုင်းရင်းသားပြည်သူများကား လွတ်လပ်ရေး၊ ငြိမ်းချမ်းရေး၏အရသာကို မခံစားခဲ့ရဖူးပေ။ ထို့ကြောင့် ဒေါ်အောင်ဆန်းဆုကြည်မှ ဒုတိယလွတ်လပ်ရေး တိုက်ပွဲဝင်ရမည်ဟု ပြောကြားခဲ့ပေသည်။
ငြိမ်းချမ်းရေးမရှိသည့် တိုင်းပြည်တွင် ဒီမိုကရေစီစနစ်နှင့်အတူ တိုင်းရင်းသားလူမျိုးစုတို့၏ လူနည်းစုအခွင့်အရေးသည်လည်း မရှင်သန်နိုင်ပေ။ ငြိမ်းချမ်းရေးမရှိသည့် မြန်မာနိုင်ငံတွင် တိုင်းရင်းသားပြည်သူများအနေဖြင့် လွတ်လပ်ရေးအရသာကို မခံစားနိုင်ပဲ မဟာလူမျိုးကြီးဝါဒကို ကျင့်သုံးထားသည့် စစ်အုပ်စုမှ ၄င်းတို့အား ဖိနှိပ်ထားခဲ့ပေသည်။ ဖိနှိပ်ခံနေရသည့် ဗမာမဟုတ် သည့် တိုင်းရင်းသားများသာမက၊ ဗမာလူမျိုးများမှာလည်း လွတ်လပ်ရေးအရသာကို မခံစားနိုင်ပေ။
၁၉၆၂ ခုနှစ်တွင် တိုင်းရင်းသားလူမျိုးစုများကို ဝါးမျိုရန် (သို့မဟုတ်) ဗမာလူမျိုးတမျိုး၏ အကျိုးစီးပွားအတွက် ဆောင်ရွက်ရန် ဗိုလ်ချုပ်နေဝင်းမှ အာဏာသိမ်းခဲ့ပေသည်။ သို့ရာတွင် တိုင်းရင်းသားများအပေါ် စစ်ပြုရန်အလို့ငှာ မြန်မာနိုင်ငံပြည်သူတို့မှ ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးနေသော ဒီမိုကရေစီစနစ်ကို ရုပ်သိမ်းလိုက်ရပေသည်။ ဒီမိုကရေစီစနစ်ကို ရုပ်သိမ်း လိုက်ခြင်းသည် လွတ်လပ်ရေးကို ရုပ်သိမ်းလိုက်ခြင်းပင် ဖြစ်ပေသည်။
ထို့ကြောင့် ဦးသိန်းစိန်အစိုးရသစ်အနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးကို အကောင်အထည် ဖော်မည်ဆိုပါက ကောင်းမွန်သောလက္ခဏာဖြစ်ပြီး ကြိုဆိုသင့်ပေသည်။ သို့ရာတွင် ပြည်တွင်း ငြိမ်းချမ်းရေးအတွက် မှန်ကန်သောစေတနာ၊ အဓိဌာန်ပြည့်ပြည့်ဝဝနှင့် ဆောင်ရွက်သင့်ပေ သည်။
မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်အစသည် ဝါဒသဘောတရား မတူညီမှုနှင့် တိုင်းရင်းသားတို့၏ အခွင့်အရေးဆုံးရှုံးမှုကြောင့် စတင်ခဲ့ခြင်း ဖြစ်ပေသည်။ ကွန်မြူနစ်ဝါဒ ထွန်းကားရေးအတွက် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) မှ တိုက်ပွဲဝင်နေစဉ် ၄င်းတို့ပါတီအတွင်း တိုင်းရင်းသားများ အပေါ် စေတနာမမှန်သည့်အတွက် ဗကပ ပြိုကွဲခဲ့ပေသည်။ ယနေ့ပြည်တွင်း ပဋိပက္ခသည် တိုင်းရင်းသားအခွင့်အရေးများနှင့် ဆက်စပ်သည့် ပြဿနာသာ ကျန်ရှိနေတော့သည်။
ထို့ကြောင့် လက်ရှိဦးသိန်းစိန်အစိုးရအနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဆောင်ရွက်လို စိတ်ရှိမည်ဆိုပါက တိုင်းရင်းသားတို့၏ အခွင့်အရေးပြဿနာကို ဖြေရှင်းရန်လိုအပ်သည်။ ယခင် (နဝတ၊ နအဖ) စစ်အစိုးရအဖွဲ့က ဖြေရှင်းခဲ့သည့်ပုံစံနှင့် ဖြေရှင်း၍မရတော့ပေ။ စစ်ထောက်လှမ်းရေးအဖွဲ့မှ စီစဉ်လုပ်ကိုင်ခဲ့သည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် ပြည်တွင်းငြိမ်ချမ်းရေးသို့ ဥးီမတည်ခဲ့ပေ။ တိုင်းရင်းသားနိုင်ငံရေးပါတီများမှ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲအတွက် အကြိမ်ကြိမ်တောင်းဆိုခဲ့သော်လည်း မိမိတို့က စစ်အစိုးရဖြစ်သည့်အတွက် နောင်တက်လာသည့် ဒီမိုကရေစီအစိုးရနှင့်သာ စကားပြောပါဟု အကြိမ်ကြိမ်ပြောကြားခဲ့ ပေသည်။
ယခုလက်ရှိအစိုးရသည် တကယ့်စစ်မှန်သော ငြိမ်းချမ်းရေးကို ဖော်ဆောင်ရန်တာဝန်ရှိနေ ပေသည်။ ယခင်ကဲ့သို့ မပြေလည်ခဲ့သော ပြဿနာဟောင်းများသို့ ဦးတည်မသွားသင့်ပေ။ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဆွေးနွေးအဖြေရှာမည်ဆိုပါက တိုင်းရင်းသားအခွင့်အရေးကို မဖြေရှင်းပဲ ရှေ့ဆက်ဆွေးနွေးသွားရမည့်အခြေအနေများ အလားအလာကောင်းမွန်လာမည် မဟုတ်ပေ။
၂၀၀၈ အခြေခံဥပဒေတွင် ဖော်ပြထားသည့် အချက်အလက်များသည် တိုင်းရင်းသားအခွင့် အရေးများ မပြည့်ဝပေ။ တိုင်းရင်းသားပြည်နယ်များတွင် ပြည်နယ်ပါလီမန်နှင့် ပြည်နယ်အစိုးရ များ ထားရှိသော်လည်း ၄င်းတို့မှာ ရုပ်သေးမျှသာ ဖြစ်သည်။ လက်ရှိအစိုးရအနေဖြင့် ၂၀၀၈ အခြေခံဥပဒေ “အထိမခံရွှေပန်းကန်” ဟု သဘောထားပြီး ဒီမိုကရေစီအခွင့်အရေးနှင့်တိုင်းရင်းသားအခွင့်အရေးများကို အာမ,မခံထားပါက စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မည်မဟုတ်ကြောင်း တင်ပြလိုက်ရပေသည်။