Homeသတင်းမွန်ပြည်နယ်အတွင်း ရာဘာကုမ္ပဏီများ အပင်သစ်တိုးချဲ့စိုက်ပျိုးလာ

မွန်ပြည်နယ်အတွင်း ရာဘာကုမ္ပဏီများ အပင်သစ်တိုးချဲ့စိုက်ပျိုးလာ

-

မင်းတော်လဝီ – မွန်ပြည်နယ်အတွင်း ယခုနှစ်ရာဘာစိုက်ပျိုးမှုတွင် ဒေသခံပုဂ္ဂလိကစိုက်ခြံများထက် ကုမ္ပဏီများမှ အပင်သစ် ဧကအများအပြားပိုမိုတိုးချဲ့စိုက်ပျိုးလာကြောင်း ဒေသခံရာဘာစိုက်သူများထံမှ သိရသည်။

မွန်ပြန်နယ် ရေးမြို့နယ်ရှိ ရာဘာခြံပုံ
မွန်ပြန်နယ် ရေးမြို့နယ်ရှိ ရာဘာခြံပုံ

ဒေသခံရာဘာခြံရှင်များမှာ မိရိုးဖလာစိုက်ပျိုးလာခဲ့သော ရာဘာပင်ဟောင်းများကို အစေးဆက်လက်ထုတ်နေခြင်းကြောင့် အပင်သစ်အနည်းငယ်သာ အစားထိုးစိုက််ပျိုးနိုင်ကြကြောင်း သိရသည်။

“ကိုယ့်ရပ်မှာ မြေနေရာသစ်လည်းရှားတယ်၊ မြေစျေးကလည်းကြီးတော့ မြေနေရာသစ် အပင်သစ် များများစားစား တိုးချဲ့မစိုက်နိုင်ပါဘူး၊ ကိုယ်ပိုင်တဲ့မြေမှာရာဘာတစ်ဧကစိုက်ရင် ကျပ်၁၀သိန်းကျော်ကုန်တယ်၊ လုပ်ငန်းရှင်တွေ၊ ကုမ္ပဏီတွေပဲမြေဝယ််နိုင်ငွေကြေးတတ်နိုင်လို့ များများ စိုက်နိုင်ကြတာပါ” ဟု သံဖြူဇရပ်မြို့နယ် ကျုံကဒတ်ကျေးရွာမှ ရာဘာခြံရှင်တစ်ဦးက ပြောသည်။

ယခုအချိန်တွင် ရာဘာစျေးနှုန်း၊ စိုက်ပျိုးမြေနှင့် ရာဘာမျိုးသစ်များစျေးကောင်းနေသဖြင့် ဒေသခံများအနေဖြင့် ရာဘာတိုးချဲ့စိုက်ပျိုးလိုသော်လည်း မိမိနေရပ်နှင့်နီးစပ်သည့်မြေနေရာရှားပါးမှု၊ မြေစျေးနှုန်းကြီးမြင့်နေမှုကြောင့် တနိုင်တပိုင်စိုက်ပျိုးသူများ ယခင်ကထက်နည်းပါးလာသည်။

“သံဖြူဇရပ်မြို့နယ်အတွင်းမှာ ခြံရှင်တချို့ပဲ ရာဘာစိုက်ခင်းသစ်အနည်းအကျဉ်းသာ တိုးချဲ့ စိုက်နိုင်တာတွေ့ရတယ်၊ ဒီနှစ်မှာ ကျနော်ကတော့အပင်ဟောင်းတစ်ဧကခုတ်ရောင်းပြီး အပင်သစ်ပြန်စိုက်လိုက်တယ်၊ ကျုံကဒတ်နဲ့ကျိုက္ခမီကြားမှာတော့ ဘိီအာဂျီဒီကုမ္ပဏီက ဧက (၁၀၀၀)၊ ရေစက်တောင်ကုမ္ပဏီက ဧက (၇၀၀) စိုက်ပြီးပြီ၊ လုပ်ငန်းရှင်ကုမ္ပဏီတွေကပဲ ဒီမြေနေရာတွေကို အပိုင်စီးထားတယ်” ဟု အဆိုပါ ကျုံကဒတ်ကျေးရွာ ရာဘာခြံရှင်က ဆက်ပြောသည်။

မွန်ပြည်နယ်အတွင်းရှိ ကျိုက်ထိုမြို့နယ်၊ ဘီးလင်းမြို့နယ်၊ သထုံမြို့နယ်နှင့်ရေးမြို့နယ်တို့တွင် အစိုးရမြေစာရင်းအသိအမှတ်ပြုမခံခဲ့ရသည့် ဒေသခံတို့၏ ဓါးမဦးချဘိုးဘွားပိုင်မြေများအား မြေလွတ်၊မြေရိုင်းအဖြစ်သတ်မှတ်၍ မြန်မာစစ်တပ်ဒေသခံတပ်ရင်းတပ်ဖွဲ့များက တပ်ပိုင်မြေအဖြစ်သိမ်းယူမှုများ ရှိခဲ့သည်။

ထို့အတူ အထူးအခွင့်အရေးရ လုပ်ငန်းရှင်ကုမ္ပဏီတို့၏လက်ဦးနေမှုကြောင့် သာမန်ဒေသခံများအတွက် မြေယာခွဲဝေရရှိမှု အခွင့်အရေးဆုံးရှုံခံနေရသည့်အပြင် ဒေသခံရာဘာခြံရှင်များ၏ လက်ငုတ်ခြံဧကထောင်ချီ်အသိမ်းခံရမှုများ ရေးမြို့နယ်နှင့်ရေဖြူမြို့နယ်များတွင် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေသည်ဟု မွန်လူ့အခွင့်အရေးဖေါင်ဒေးရှင်းမှ နိုင်အွန်းမွန်ကပြောသည်။

မွန်ပြည်နယ်တွင် ဒေသခံရာဘာစိုက်ပျိုးခြံများအပါအဝင် အမှတ် (၁) စက်မှုဝန်ကြီးဌာနစိုက်ခင်း၊ မြန်မာစစ်တပ်၏တပ်ရင်းတပ်ဖွဲ့၊ တပ်မပိုင်စိုက်ခင်းများ၊ ပြည်ထဲရေးဝန်ကြီးဌာနအကျဉ်းဦးစီးဌာနစိုက်ခင်းနှင့် လုပ်ငန်းရှင်ကုမ္ပဏီစိုက်ခင်းများ လက်ရှိဧက (၄၆၄,၀၀၀) ကျော်ရှိသည်ဟု မြန်မာ့နှစ်ရှည်ပင်လုပ်ငန်း ပြည်နယ်မန်နေဂျာရုံးမှ တာဝန်ရှိဝန်ထမ်းတဦးက ပြောသည်။

“မွန်ပြည်နယ်မှာရာဘာစိုက်ပျိုးရေးလုပ်ငန်းရှင်တွေ၊ ကုမ္ပဏီတွေလုပ်ခွင့်ရမြေတွေမှာ လက်ရှိလုပ်နေကြပြီ၊ သထုံခရိုင်ဘီးလင်းမြို့နယ်မှာမက်မြန်မာကုမ္ပဏီက ဒီနှစ်ဧက (၃၀၀၀) ကျော်၊ ကျိုက်ထိုမှာလည်း ရွှေသံလွင် ကုမ္ပဏီကဧက (၂၀၀၀) ကျော်စိုက်တယ်၊ တချို့ကုမ္ပဏီတွေလည်းတော်တော်စိုက်ပြီးခဲ့ကြပြီး ဒီနှစ်ကဧက (၄၀၀၀၀) ကျော်တိုးစိုက်လာတယ်”ဟု အထက်ပါဝန်ထမ်းက ဆက်ပြောသည်။

ရာဘာစိုက်ပျိုရေးသည် မွန်ပြည်နယ်၌ ၁၉၈၈ ခုနှစ်တွင် (၇၆၆၀၇) ဧကစိုက်ပျိုးခဲ့ပြီး ၂၀၀၉-၂၀၁၀ ခုနှစ်တွင် (၄၂၃၆၀၀) ဧကနှင့် ၂၀၁၁ ခုနှစ် သြဂုတ်လကုန်ထိ လေးသိန်း ခြောက်သောင်း လေးထောင် (၄၆၄၀၀၀) ဧကကျော် စိုက်ပျိုးနိုင်ခဲ့သည်ဟု စက်တင်ဘာ (၁၂) ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဖေါ်ပြပါရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts