Homeသတင်းဘန်ကောက်မြန်မာသံရုံးရှေ့တွင် ဆန္ဒပြတောင်းဆို

ဘန်ကောက်မြန်မာသံရုံးရှေ့တွင် ဆန္ဒပြတောင်းဆို

-

မင်းသုတ – မြန်မာနိုင်ငံတွင် ဖမ်းဆီးထောင်ချခံနေရသော သတင်းထောက်များနှင့် နိုင်ငံရေးအကျဉ်းသားများကို ချက်ချင်းလွှတ်ပေးရန် ဘန်ကောက်မြန်မာသံရုံးရှေ့၌ ဆန္ဒပြတောင်းဆိုတောင်းဆိုမှုတရပ် ယနေ့နံနက် ၁၀ နာရီတွင်ပြုလုပ်ခဲ့ကြောင်း ပါဝင်လှုပ်ရှားသူတစ်ဦးဖြစ်သူ ကိုဝင်းမွန်က ပြောသည်။

“သတင်းထောက်တွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဖမ်းဆီးချုပ်နှောင်ထားတာဟာ လုံး၀မတရားဘူး၊ ဒါကြောင့် ခုလိုသံရုံးရှေ့မှာ လာရောက်ဆန္ဒပြတာ ဖြစ်တယ်။ ဒီတောင်းဆိုချက်ကို မြန်မာသံရုံးကနေတဆင့် မြန်မာအစိုးရဆီကို ပို့သွားမယ်” ဟု သူကပြောသည်။

ဆန္ဒပြသူများသည် မြန်မာ့စွယ်စုံအနုပညာရှင် ကိုဇာဂနာမျက်နှာဖုံးနှင့် သတင်းထောက် မလှလှ၀င်းတို့၏ မျက်နှာဖုံးပုံများကိုဖုံးအုပ်ကာ ဆန္ဒပြခဲ့ပြီး “ဖရီး ဇာဂနာ။ ဖရီးလှလှ၀င်း” ဟု သံပြိုင် အော်ဟစ်ကာ တစ်နာရီခန့်အကြာ မြန်မာသံရုံးရှေ့တွင် ဆန္ဒပြတောင်းဆိုကြခြင်းဖြစ်သည်။

“အစိုးရသစ်လည်းတက်လာပြီး သမ္မတကလည်း ပြည်တော်ပြန်ဖို့ပြောနေတာက တကယ်ဟုတ်ရဲ့လား၊ ဒီရက်ပိုင်းမှာလည်း ခေတ်ပြိုင်အယ်ဒီတာဟောင်း ဦးစိန်ကျော်လှိုင်က အသည်းအသန်နာမကျန်းဖြစ်နေတဲ့ သူ့မိခင်ကိုပြုစုဖို့ပြန်သွားတာ ရန်ကုန်မှာ သူ့ကိုဖမ်းလိုက်တယ်၊ ဒါကလည်းစဉ်းစားစရာပဲ” ဟု ရခိုင်အမျိုးသား သတင်းထောက်တစ်ဦးက ပြောသည်။

ဦးစိန်ကျော်လှိုင်သည် BBC နှင့် RFA မြန်မာပိုင်းအစီအစဉ်များတွင် အသံလွှင့်ခဲ့ဘူးသူ ရခိုင်တိုင်းရင်းသားတစ်ယောက်ဟု သိရသည်။

ထို့အပြင် လန်ဒန်နှင့် နိုင်ငံတကာမြို့ကြီးများရှိ မြန်မာသံရုံးများရှေ့တွင်လည်း ပြုလုပ်သွားမည်ဟု Miss Geraldine May က ဆိုသည်။

ဒီဗွီဘီသတင်းထောက် မလှလှ၀င်းအပါအ၀င် သတင်းထောက် ၁၇ယောက်နှင့် နိုင်ငံရေးအကျဉ်းသားများကို မြန်မာအကျဉ်းထောင်များတွင် နှစ်ရှည်ထောင်ဒဏ်ချမှတ်ထားဆဲဖြစ်သည့်အတွက် Burma VJ အဖွဲ့မှ Miss Geraldine May က ဦးဆောင်ခဲ့သည်ဟု သိရသည်။

ယနေ့ဘန်ကောက်မြို့မြန်မာသံရုံးရှေ့ဆန္ဒပြမြင်ကွင်း
ယနေ့ဘန်ကောက်မြို့မြန်မာသံရုံးရှေ့ဆန္ဒပြမြင်ကွင်း

ဆန္ဒပြသူများသည် ရွှေ၀ါရောင်တော်လှန်ရေးကာလက ဖြစ်ရပ်မှန်များကို ပြည်ပသတင်းဌာနများသို့ ပို့ပေးခဲ့သဖြင့် အကျဉ်းကျခံနေရသူ မလှလှ၀င်း၊ ကို၀င်းမော်၊ ကိုငွေစိုးလင်း၊ ကိုမောင်မောင်ဇေယျနှင့် ကိုစည်သူဇေယျ တို့၏ ပုံများကိုလည်း ကိုင်ဆောင်ထားကြပြီး နိုင်ငံခြားသားများနှင့် မြန်မာနိုင်ငံသား ၂၀ ဦးခန့်ဆန္ဒပြခဲ့ကြသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPPB) ၏ မှတ်တမ်းများတွင် မြန်မာ့အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသားပေါင်း ၂၀၀၀ ကျော်ရှိနေသည်ဟု သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts