spot_img
Saturday, January 31, 2026
More
    spot_img
    Homeသတင်းဘိလပ်မြေစက်ရုံ ဆောက်ရန် မြေသိမ်း၊ လျော်ကြေးငွေပမာဏ အလွန်နည်း

    ဘိလပ်မြေစက်ရုံ ဆောက်ရန် မြေသိမ်း၊ လျော်ကြေးငွေပမာဏ အလွန်နည်း

    -

    လွတ်လပ်သော မွန်သတင်းအေဂျင်စီ –  မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကော့ပါနော့နှင့် ကော့ဒွန်းကျေးရွာတဝိုက် တည်ဆောက်မည့် ပုဂ္ဂလိက ဘိလပ်မြေစက်ရုံအတွက် ခြံမြေ လယ်မြေများ သိမ်းဆည်းခံရရာတွင် ကုမ္ပဏီမှ လက်ရှိပေါက်စျေး၏ သုံးတပုံသာ လျော်ကြေးပေး သည်ဟု မြေပိုင်ရှင်များက ပြောသည်။

    ကော့ပါနော့ကျေးရွာမှ ခြံမြေအသိမ်းခံရသူ အမျိုးသမီးတဦးက “လျော်ကြေးပေးတယ် ဆိုပေမယ့်လည်း သိန်း ၆၀ လောက်တန်တဲ့ ရော်ဘာခြံတခြံဆို သိန်း ၂၀ လောက်ပဲ ပေးတယ်။ အဲဒါက အများဆုံးနော်။ တချို့ဆို သုံး လေးသိန်းလောက်ပဲ ရတာလည်း ရှိတယ်” ဟု ပြောသည်။

    အဆိုပါ ကျေးရွာနှစ်ရွာအကြားတွင် ဘိလပ်မြေစက်ရုံ နှစ်ရုံ တည်ဆောက်ရန် ဒေသခံများပိုင်ဆိုင်သည့် လယ်မြေနှင့် ရာဘာခြံမြေ ဧက ၈၀၀ ၀န်းကျင်ကို ကုမ္ပဏီမှ သတ်မှတ်တိုင်းတာထားပြီး ဖြစ်ကြောင်း မွန်လူ့အခွင့်အရေးဖောင်ဒေးရှင်း တာဝန်ခံ နိုင်အွန်းမွန်က ပြောသည်။

    ဒေသခံများကို ကြိုတင် အသိမပေးပဲ သိမ်းယူခဲ့သည်ဟု အထက်ဖော်ပြပါ မြေသိမ်းခံရသူ အမျိုးသမီးကပင် ပြောပြသည်။ “တိုင်းတာလဲ မသိဘူး။ ဘာမှလည်း အကြောင်းမကြားဘူး။ ရောင်းမရောင်းဆိုတာကိုလည်း မမေးဘူး။ ပိုက်ဆံ လာပေးတဲ့နေ့မှပဲ ခြံရှင်တွေကို ခေါ်ပြီးတော့ ဘယ်ခြံက ဘယ်လောက်ဆိုတာပြောတယ်။ လက်မှတ်လည်း ထိုးခိုင်းတယ်” ဟု ရှင်းပြသည်။

    သို့သော် ကော့ပါနော့ကျေးရွာတွင် ခြံမြေ အသိမ်းခံထားရသူ ၄၉ ဦးအနက် ၂၀ ဦးကသာ ကုမ္ပဏီမှ ပေးသည့် လျော်ကြေးငွေကို လက်ခံပြီး ယခုလို မြေသိမ်းယူသည်ကို သဘောတူကြောင်း လက်မှတ်ရေးထိုးကြသည်ဟု သိရသည်။

    အဆိုပါစက်ရုံ တည်ဆောက်ရန်အတွက် ဇေကမ္ဘာကုမ္ပဏီမှ ၂၀၁၀ ခုနှစ် နှစ်ကုန်ပိုင်းကတည်းက မြေယာတိုင်းတာမှုများ လုပ်ဆောင်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလမှ ခြံရှင်များအား လျော်ကြေးပေးသည့် ကိစ္စကို စတင် လုပ်ဆောင်ခဲ့သည်။

    သို့သော် နောက်ပိုင်းတွင်မူ အမှတ် (၁) စက်မှုဝန်ကြီးဌာန၏ ခွင့်ပြုချက်အရ တန် ၁၀၀၀ ကျမည့် ထို ဘိလပ်မြေစက်ရုံနှစ်ရုံကို တည်ဆောက်မည့် ပုဂ္ဂလိက ကုမ္မဏီနှစ်ခုမှာ ပီအေစီလင့်ခ် ထရိတ်ဒင်းကုမ္မဏီနှင့် ဂျွန် ကုမ္ပဏီတို့ ဖြစ်ကြောင်း အစိုးရပိုင်သတင်းစာများက ဖော်ပြခဲ့သည်။

    “စ တိုင်းတာတုန်းကတော့ ဇေကမ္ဘာကုမ္ပဏီ။ ဒါပေမယ့် အခုက တခြားကုမ္ပဏီ(တွေ) ဆိုတော့ ဇေကမ္ဘာကုမ္ပဏီက နာမည် မခံချင်တဲ့ သဘောရှိတယ် ” ဟု နိုင်အွန်းမွန်က ပြောသည်။

    ကော့ဒွန်းကျေးရွာတွင်လည်း ပြီးခဲ့သည့် ဇွန်လက ပထမအကြိမ်အဖြစ် မြေတိုင်းတာမှု ပြုခဲ့ပြီး ယခုသီတင်းပတ်တွင် နောက်တကြိမ် မြေတိုင်းတာမှု ထပ်မံ ပြုလုပ်လာသော်လည်း မည်သည့် အချိန်တွင် လျော်ကြေးပေးမည်ကိုမူ မသိရှိသေးကြောင်း အဆိုပါကျေးရွာမှ ခြံပိုင်ရှင် တဦးက ပြောသည်။

    “တိုင်းတာ နှစ်ခါရှိသွားပြီ။ ဘယ်တော့ ခေါ်မလဲတော့ မပြောဘူး၊ ဒါပေမယ့် ကျမတို့က သူတို့ ပေးတဲ့လျော်ကြေးကို မယူဘူးလို့ ဆုံးဖြတ်ထားတယ်” ဟု ၄င်းက ပြောသည်။

    ယခုအခါ အစိုးရထံမှ ဘိလပ်မြေစက်ရုံတည်ဆောက်လုပ်ကိုင်ခွင့် ရရှိထားသည့် ပုဂ္ဂလိက ကုမ္ပဏီများမှာ မက်စ်မြန်မာ၊ ထူး၊ ကမ္ဘောဇ ရွှေတောင်၊ G-4၊ အေးရှားဝါးလ်၊ Jade Land၊ အိုင်ဂျီအီး၊ ယုဇန၊ ဂျွန်၊ ဆန်းလင်း အင်တာနေရှင်နယ် အပါအဝင် ကုမ္ပဏီပေါင်း ၂၀ ခန့် ရှိသည်။

    လက်ရှိ မြန်မာနိုင်ငံတွင် လည်ပတ်နေသော ဘိလပ်မြေစက်ရုံ စုစုပေါင်း ၁၄ ရုံ ရှိပြီး ပုဂ္ဂလိကပိုင်းမှ မက်စ်မြန်မာ၊ ထူး၊ ကမ္ဘောဇ၊ ရွှေတောင်နှင့် G-4 စသည့် ကုမ္ပဏီ ၅ ခုကသာ စက်ရုံသစ်များ တည်ဆောက်ရေးအတွက် စတင်ဆောင်ရွက်နေကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks