Homeသတင်းမွန်တော်လှန်ရေးသမားဟောင်း နိုင်မြသီး ကွယ်လွန်

မွန်တော်လှန်ရေးသမားဟောင်း နိုင်မြသီး ကွယ်လွန်

-

ဂျူရီချိုင်း – မွန်တော်လှန်ရေးသမားဟောင်းတဦးဖြစ်သူ နိုင်မြသီး အသက် (၈၅) နှစ်သည် ယမန်နေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်တွင် ထိုင်းနိုင်ငံ၊ ကန်ချနပူရီခရိုင်၊ စခံလပူရီမြို့နယ်၊ ဝှေ့မလိုင်ရွာရှိ Kwai River Christian Hospital ဆေးရုံ၌ လူကြီးရောဂါဖြင့် ကွယ်လွန်သွားကြောင်း သိရသည်။

၁၉၄၇ ခုနှစ်က နိုင်ဘလွင် (နိုင်ရွှေကျင် – မွန်ပြည်သစ်ပါတီ ဥက္ကဌကြီး၊ ကွယ်လွန်) ဦးဆောင်ဖွဲ့စည်းသည့် မွန်လွတ်လပ်ရေးအဖွဲ့တွင် ရေးမြို့နယ် အတွင်းရေးမှူးနှင့် စည်းရုံးရေးတာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့သည်။

နိုင်မြသီး ( ဓာတ်ပုံ-လွတ်လပ်သော မွန်သတင်းအေဂျင်စီ)
နိုင်မြသီး ( ဓာတ်ပုံ-လွတ်လပ်သော မွန်သတင်းအေဂျင်စီ)

မွန်လက်နက်ကိုင် တော်လှန်ရေးနိဒါန်း ဖြစ်သည့် ကောဇာသက္ကရာဇ် ၁၃၁၀ ခု၊ ဝါခေါင်လပြည့်နေ့ (၁၉၊ ၈၊ ၁၉၄၈) ၌ မွန်လူငယ် ၂ ကျိပ်ခန့် ဘားအံမြို့နယ်၊ ဇာသပြင်ရွာရဲစခန်းသို့ လက်နက် ဝင်ရောက်လုယူခဲ့ရာတွင်လည်း ကိုယ်တိုင်ပါဝင်ခဲ့သူ MNDO တပ်ဖွဲ့ဝင်ဟောင်းတဦး ဖြစ်သည်။

ထိုနေ့ကို မွန်တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ကျင်းပခဲ့ရာ ယခု ၆၄ ကြိမ်မြောက်တိုင်ခဲ့ပြီ ဖြစ်သည်။

လွတ်လပ်ရေး ရပြီးစနှင့် ၁၉၅၇ ခုနှစ်၊ ပါလီမန်ခေတ် မြန်မာ့အသံ မွန်တိုင်းရင်းသား အစီအစဉ်တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး အမျိုးသားရေး လှုပ်ရှားမှုကြောင့် ထောင်နှင့် အချုပ် (၂) ကြိမ် ကျခံခဲ့ရကြောင်း သူ့ဘဝအတွေ့အကြုံသမိုင်း အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

၁၉၅၈ ခုနှစ် မွန်ပြည်သူ့တပ်ဦး ဖဆပလ အစိုးရထံ လက်နက်အပ်နှံရာတွင် ထိုင်းနိုင်ငံသို့ တိမ်းရှောင်ခဲ့ပြီး ကွယ်လွန်ချိန်ထိ စံခလပူရီမြို့ရှိ မွန်လူမှုအဖွဲ့အစည်းများတွင် နာယကအြ

ဖစ် ဆောင်ရွက်ခဲ့သည်။

ကွယ်လွန်ချိန်တွင် ဇနီးဖြစ်သူ မိဗာန်အောင်၊ သားသမီး ၃ ယောက်နှင့် မြေး ၇ ယောက် ကျန်ရစ်ခဲ့သည်။

မိဘနှစ်ပါးဖြစ်သည့် နိုင်ဖျင်း၊ မိနှင်းတို့မှ ၁၉၂၆ ခုနှစ်တွင် ဖွားမြင်သည့် နိုင်မြသီးသည် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မော့ကနင်ကျေးရွာဇာတိ ဖြစ်ပြီး သတ္တမတန်းအထိ ပညာသင်ကြားခဲ့ဘူးသည်။

ကြွင်းကျန်သည့် သူ၏ ရုပ်ကလာပ်အား လာမည့်စက်တင်ဘာလ ၈ ရက်နေ့ မွန်းလွဲပိုင်းအချိန်တွင် စံခလပူရီမြို့ရှိ ဝပ်စီ ဘုန်းတော်ကြီးကျောင်းတွင် မီးသင်္ဂြိုဟ်မည် ဖြစ်ကြောင်း ကျန်ရစ်သူမိသားစုများထံမှ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts