spot_img
Wednesday, March 12, 2025
More
    spot_img
    Homeသတင်းပြည်တွင်း ငြိမ်းချမ်းရေး ကော်မတီများတွင် တိုင်းရင်းသားများ ပါ၀င်စေလို

    ပြည်တွင်း ငြိမ်းချမ်းရေး ကော်မတီများတွင် တိုင်းရင်းသားများ ပါ၀င်စေလို

    -

    ရိုင်မရော့ – တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခများ ကိုင်တွယ်ဖြေရှင်းမည်ဟု ယူဆရသည့် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးကော်မတီများတွင် တိုင်းရင်းသားကိုယ်စားလှယ်များ ပါ၀င်စေချင်သည်ဟု တိုင်းရင်းသားနိုင်ငံရေးပါတီများက ပြောသည်။

    မြန်မာအစိုးရသစ်၏လွှတ်တော်အစည်းအဝေးမြင်ကွင်း
    မြန်မာအစိုးရသစ်၏လွှတ်တော်အစည်းအဝေးမြင်ကွင်း

    ယင်းကော်မတီများကို လက်ရှိ ကျင်းပနေသော လွှတ်တော်အစည်းအေ၀း၌ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် နှစ်ရပ်စလုံးတွင် တပြိုင်တည်း သြဂုတ်လ ၂၂ ရက်နေ့က ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။

    တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ကော်မတီ ဥက္ကဌအဖြစ် အမျိုးသားလွှတ်တော်အတွက် ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၁၁) မှ ဦးစံထွန်းအားလည်းကောင်း၊ ပြည်သူ့လွှတ်တော်အတွက် မြစ်ကြီးနားမြို့နယ် မဲဆန္ဒနယ်မှ ဦးသိန်းဇော်အားလည်းကောင်း ရွေးချယ်ခဲ့သည်။ နှစ်ဦးစလုံး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ ဖြစ်ပြီး ကချင်ပြည်နယ်မှ ရွေးကောက်တင်မြောက် ခံရသူများ ဖြစ်သည်။

    ကော်မတီဥက္ကဌများ ကြေငြာပြီးသော်လည်း အဖွဲ့၀င်များ အဖြစ် တိုင်းရင်းသားကိုယ်စားလှယ်များ ပါ၀င်စေချင်သည်ဟု တိုင်းရင်းသားနိုင်ငံရေး ပါတီများက လိုလားနေကြသည်။

    မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဌ နိုင်ငွေသိန်းက “ငြိမ်းချမ်းရေးကော်မတီအဖွဲ့မှာ တိုင်းရင်းသားပါတီက ကိုယ်စားလှယ်တွေ ပါဝင်စေချင်တယ်၊ အဲဒါမှ တကယ်စစ်မှန်တဲ့ ငြိမ်းချမ်းရေးကော်မတီဆိုတာ ဖြစ်လာမယ် အစိုးရက ဖွဲ့ပြီး အစိုးရက လူတွေပဲ ပါတယ်ဆိုတာ မဖြစ်စေချင်ဘူး” ဟု ပြောသည်။

    လက်ရှိဖွဲ့စည်းလိုက်သည့် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးကော်မတီများတွင် ဥက္ကဌကိုသာ ရွေးချယ်ထားပြီး အဖွဲ့ဝင်များကို မရွေးချယ်ရသေးကြောင်း ချင်းအမျိူးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးငွန်မောင်းကပြောသည်။

    ပြည်သူ့လွှတ်တော်၏ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ကော်မတီ ဥက္ကဌ ဦးသိန်းဇော်သည် စစ်ဗိုလ်ချုပ်ဟောင်း ဖြစ်ပြီး ယခင် အစိုးရလက်ထက်က ဆက်သွယ်ရေး၀န်ကြီးအဖြစ် တာ၀န်ယူခဲ့သူ ဖြစ်သည်။ ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အိုနှင့် အစိုးရစစ်တပ်အကြား ဇွန်လမှ စတင် ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများ ရပ်စဲရန် ပါ၀င် ဆောင်ရွက်နေသူလည်း ဖြစ်သည်။

    သြဂုတ်လ ၁၈ ရက်နေ့က လက်နက်ကိုင်အဖွဲ့အစည်းများသို့ ငြိမ်းချမ်းရေးဆွေးနွေးရန် အစိုးရမှ ဖိတ်ခေါ်ခဲ့ပြီး ရက်အနည်းငယ်အကြာတွင် ယခုကဲ့သို့ လွှတ်တော်ငြိမ်းချမ်းရေးကော်မတီများကို ဖွဲ့စည်းလာခြင်း ဖြစ်သည်။

    မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီအပါအဝင် တိုင်းရင်းသား ညီနောင် ၅ ပါတီကလည်း အစိုးရအနေနှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် ငြိမ်းချမ်းရေးကော်မရှင်တရပ် ဖွဲ့စည်းဆောင်ရွက်ပေးရန် မကြာသေးခင်က တင်ပြခဲ့သည်။

    ယမန်နေ့က အမျိုးသားလွှတ်တော်တွင် တိုင်းရင်းသားရေးရာနှင့် ငြိမ်းချမ်းရေးကော်မတီ အပါအဝင် ကော်မတီအသစ် (၈) ခု တိုးချဲ့ ဖွဲ့စည်းခဲ့ပြီး ပြည်သူ့လွှတ်တော်တွင်မူ ကော်မတီ ၁၈ ရပ်ကို တိုးချဲ့ ဖွဲ့စည်းခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    33,400SubscribersSubscribe
    spot_img

    Latest posts