spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းသမ္မတနှင့် ဒေါ်စု တွေ့ဆုံမှု နိုင်ငံရေး အပြောင်းအလဲနှင့် အလှမ်းဝေးနေသေးဟု တိုင်းရင်းသားခေါင်းဆောင်များ ပြော

    သမ္မတနှင့် ဒေါ်စု တွေ့ဆုံမှု နိုင်ငံရေး အပြောင်းအလဲနှင့် အလှမ်းဝေးနေသေးဟု တိုင်းရင်းသားခေါင်းဆောင်များ ပြော

    -

    ရိုင်မရော့ – သမ္မတဦးသိန်းစိန်နှင့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုသည် နိုင်ငံရေး အပြောင်းအလဲအတွက် ခြေလှမ်းအစဟု ပြောရန် စောသေးသည်ဟု တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များက ပြောကြသည်။

    ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးသိန်းစိန်တွေ့ဆုံခြင်းမှတ်တမ်းဓါတ်ပုံ
    ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးသိန်းစိန်တွေ့ဆုံခြင်းမှတ်တမ်းဓါတ်ပုံ

    သြဂုတ်လ ၁၉ ရက်နေ့က နေပြည်တော်မှာကျင်းပသည့် စီးပွားရေးနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ မတိုင်ခင် ဒေါ်စုနှင့် သမ္မတတို့ တွေ့ဆုံဆွေးနွေးခဲ့ကြသည့်အပေါ် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ၊ မွန်ပြည်သစ်ပါတီ၊ ကရင်အမျိုးသားအစည်းအရုံးနှင့် ရှမ်းပြည်တပ်မတော်မှ ခေါင်းဆောင်များက ယခုကဲ့သို့ ထုတ်ဖော်ပြောလာကြခြင်း ဖြစ်သည်။

    “နိုင်ငံရေး အကြပ်အတည်းကို ဖြေသာလို ဖြေသာနိုး အစိုးရကနေပြီးတော့ အကွက်ချပြီး တွေ့တယ်လို့ မြင်တယ်။ ဒေါ်စုကို လိုလိုလားလား စေတနာအမှန်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ နိုင်ငံရေးအရ အဖြေရှာဖို့ဆိုတဲ့ (အပေါ်မှာ) သံသယ အများကြီးရှိတယ်” ဟု ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) အတွင်းရေးမှူး ခူဦးရယ်က ပြောသည်။

    ယခင်က ဒေါ်စုနှင့် မြန်မာအစိုးရတို့ တွေ့ဆုံခဲ့သည်များကို ကြည့်ခြင်းအားဖြင့် တန်းတူရည်တူအနေအထားနှင့် တွေ့ဆုံခဲ့ခြင်းမဟုတ်ပဲ အနေအထားတခုအရ မလွဲမရှောင်သာ၍ တွေ့ဆုံခဲ့ကြသည်ဟုသာ မြင်ကြောင်း ခူဦးရယ်က ပြောသည်။

    သမ္မတနှင့် ဒေါ်စု တွေ့ဆုံမှု ဦးတည်ချက်အား နှစ်ဦးနှစ်ဘက်မှ ထုတ်ဖော်ပြောဆိုမှု မရှိသေးသည့်အတွက် ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားအရေးကိစ္စများ၌ ပြောင်းလဲလာနိုင်မည့်အခြေအနေတခု မျှော်လင့်၍ မရသေးကြောင်း ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) တွဲဖက်အတွင်းရေးမှူး (၁) စောလှငွေက ယူဆသည်။ “နိုင်ငံရေးအကျဉ်းသားလွတ်ပေးဖို့ ကိစ္စ၊ အပစ်ခတ်ရပ်စဲရေး ကိစ္စတွေကို ၂၀၀၈ ဖွဲ့စည်းပုံ အတိုင်း ချုပ်ကိုင်မထားပဲနဲ့ ပြည်သူတွေရဲ့အသံကို နားထောင်ပြီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးစေချင်တယ်” ဟု ၎င်းက ပြောသည်။

    အစိုးရသစ်အနေနှင့် အန်အယ်ဒီ ခေါင်းဆောင် ဒေါ်စုကို အကြိမ်ကြိမ် တွေ့ဆုံရန် ကြိုးပမ်းလာခြင်းသည် နိုင်ငံတကာက ဖိအားပေးလာမှုနှင့်လည်း သက်ဆိုင်နေသည်ဟု မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာက သုံးသပ်သည်။

    “တချိန်လုံး အန်အယ်ဒီနဲ့ ဒေါ်စုကို အကြပ်ကိုင်ပြီး တိုက်ခိုက်လာနေတဲ့အနေအထားကနေ အခုလို တွေ့ဆုံညှိနှိုင်းလာတယ်ဆိုတာ တဖက်ကလည်း ဒေါ်စုက နိုင်ငံတကာက စီးပွားရေးပိတ်ဆို့မှုကို လမ်းဖွင့်ပေးအောင် လုပ်ပေးနိုင်မလား အဲလိုပုံစံနဲ့ စည်းရုံးတာ ဖြစ်နိုင်တယ်” ဟု ၎င်းက ပြောသည်။

    ရှမ်းပြည်တပ်မတော် (SSA) ပြောရေးဆိုခွင့်ရှိသူ စိုင်းဆိုင်မိဏ်းက အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမှုသည် ကောင်းမွန်သည်ဟု ဆိုနိုင်သော်လည်း “ခုချိန်ထိတော့ တိုင်းရင်းသားတွေကို ငြိမ်းချမ်းတဲ့သဘောမျိုးနဲ့ ဖြေရှင်းတာမတွေ့သေးဘူး ဘာလို့လဲဆိုတော့ နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ ကမ်းလှမ်းတာမျိုးမရှိသေးဘူး” ဟု ပြောသည်။

    တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေးနွေးမှုအပေါ် ယခုကဲ့သို့ သံသယအမြင် ရှိသော်လည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အလ်ဒီ) ခေါင်းဆောင်တဦးဖြစ်သူ ဦး၀င်းတင်ကမူ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု လမ်းကြောင်း၏ ‘ခြေလှမ်းအစဖြစ်တယ်’ ဟု ပြောသည်။

    ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရသစ်တက်လာပြီးနောက် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့် နှစ်ကြိမ်တွေ့ဆုံခဲ့ပြီး သမ္မတနှင့်မူ ပထမဆုံးအကြိမ် တွေ့ဆုံခြင်း ဖြစ်သည်။

     

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks