spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းမော်လမြိုင် -ဘားအံ- ရွှေဂွန်း သံလွင်မြစ်တွင်းသင်္ဘော အရှုံးပေါ်၍ရပ်နား

    မော်လမြိုင် -ဘားအံ- ရွှေဂွန်း သံလွင်မြစ်တွင်းသင်္ဘော အရှုံးပေါ်၍ရပ်နား

    -

    မင်းဝောာ်လဝီ – ပို့ဆောင်ရေးဝန်ကြီးဌာန၊ မော်လမြိုင်-ဘားအံ-ရွှေဂွန်း၊ သံလွင်မြစ်ကြောင်း ပြည်တွင်းရေကြောင်း ပို့ ဆောင်ရေးသင်္ဘောလုုိင်းမှာ ဝင်ငွေ အရနည်းပြီး အရှုံးပေါ်နေသဖြင့် ယခုအခါ ပြေဆွဲခြင်း ရပ်နားထား ရပြီဟု သိရသည်။

    သံလွင်မြစ်တွင်းသွားသင်္ဘောတစ်စီးမြင်ရပုံ
    သံလွင်မြစ်တွင်းသွားသင်္ဘောတစ်စီးမြင်ရပုံ

    “မော်လမြိုင်မှ ဘားအံ၊ရွှေဂွန်းအထိ သံလွင်မြစ်တွင်းသွားသင်္ဘောကို ခရီးသည်တွေ သိပ်မစီး ကြတော့ဘူး၊ ကုန်းလမ်းဘက်က မော်တော်ကားနဲ့ သွားလာတာ များတယ်၊ ကုန်ပစ္စည်းလည်း မတင်ကြတော့ဘူး၊ ကားလမ်းက တိုက်ရိုက်ပေါက်နေလို့ပါ၊ အရှုံးပေါ်နေလို့ ဇွန်လက စပြီး ရပ်လိုက်ရတယ်” ဟုမော်လမြိုင်မြို့ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးမှ တာဝန်ရှိသူတဦးက ပြောသည်။

    မော်လမြိုင်မြို့အနီး အတ္ထရံနှင့် ဂျိုင်း ဇာသပြင်ကြိုးတံတား ဆောက်လုပ်ပြီးနောက် မော်တော် ယာဉ်လိုင်းသာ အသွားအလာများခဲ့ပြီး ယခုအခါ မော်လမြိုင်-ဘားအံ သံလွင်မြစ်ရေကြောင်း သင်္ဘောလိုင်းခရီးသည်များ အသွားအလာ တဖြေးဖြေး လျှော့နည်းလာခဲ့ခြင်းဖြစ်သည်။

    “မော်လမြိုင်ကနေ ဘားအံ၊ ရွှေဂွန်းအထိ ကုန်ပစ္စည်းတွေကို သင်္ဘောနဲ့သယ်တာ စရိတ်စက သက်သာတယ်၊ အခုလို ရေကြောင်းကနေ သယ်မရတော့ ကားနဲ့သယ်ရတာ ဂိတ်ကြေးအဆင့်ဆင့် ပေးရတော့ စရိတ်ပိုကြီးတယ်”ဟု ဘားအံမှမော်လမြိုင်သို့ ရေကြောင်းဖြင့် ကုန်ပစ္စည်းသယ်ဆောင်ခဲ့ဘူးသည့် ကုန်သည်တဦးက ပြောသည်။

    နှစ်စဉ် ကျပ်သန်း ၅၀၀၀ ကျော် အရှုံးပေါ်နေသော ပို့ဆောင်ရေးဝန်ကြီးဌာန၏ ပြည်တွင်းရေကြောင်း ခရီးစဉ်အချို့ကို ယခုအခါပုဂ္ဂလိကကုမ္ပဏီလေးခုမှ ဝင်ရောက်လုပ်ကိုင်လျှက်ရှိကြောင်း ပြည်တွင်း ရေကြောင်းပို့ဆောင်ရေးမှ တာဝန်ရှိသူတဦးက The Voice Weekly သို့ ပြောကြားခဲ့ကြောင်း သြဂုတ်လ ၄ ရက်နေ့ထုတ် ဂျာနယ်တွင် ဖေါ်ပြထားသည်။

    အဆိုပါ ခရီးစဉ်အချို့မှာ ရခိုင်ပြည်နယ်သုံးနေရာနှင့် ချင်းတွင်းမြစ်တွင်းတစ်နေရာဖြစ်ပြီး ပြည်နယ်၊ တိုင်းဒေသကြီး အစိုးရများ၏ ပူးပေါင်းမှု အစီအစဉ်ဖြင့် ပြေးဆွဲခြင်းဖြစ်ကြောင်းလည်း ဖေါ်ပြထားသည်။

    နှစ်ပေါင်းများစွာ နေ့စဉ်ခရီးစဉ်အဖြစ် ပြည်တွင်းရေကြောင်းသင်္ဘောများ ပြေးဆွဲပေးပြီး နေ့အထူး အမြန်သင်္ဘောလိုင်း တစ်လိုင်းပါ ပြေးဆွဲခဲ့ဖူးသော ရန်ကုန်-မော်ကျွန်းသင်္ဘောခရီးစဉ်အပါအဝင် ရန်ကုန်-ပုသိမ် နေ့စဉ်ခရီးစဉ်တို့ကို ၂၀၁၁ ဇွန် ၁ ရက်မှ စပြီး တစ်ပတ်လျှင် ၃ ရက်သာ ပြေးဆွဲတော့ကြောင်း ပြည်တွင်းသတင်းဂျာနယ်များတွင် ဖေါ်ပြခဲ့သည်။

    ထို့အပြင် ပြီးခဲ့သည့်ဇူလိုင်လအတွင်း၌ ပြည်တွင်းသင်္ဘောခများကို တိုးမြှင့်ကောက်ခံသဖြင့် ရေလမ်း အဓိက ထားနေရသည့် ခရီးသွားပြည်သူများ အခက်ကြုံနေရကြောင်း သတင်းဌာနများက ရေးသားဖေါ်ပြခဲ့သည်။

     

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks