Homeသတင်းအပစ်အခတ်ရပ်စဲရေးကိစ္စ ဦးကျော်ဆန်း လုပ်ကြံပြောဆိုခဲ့

အပစ်အခတ်ရပ်စဲရေးကိစ္စ ဦးကျော်ဆန်း လုပ်ကြံပြောဆိုခဲ့

-

မင်းသုတ –   ပြီးခဲ့သည့်သီတင်းပတ် သြဂုတ်လ(၁၂) ရက်နေ့တွင် နေပြည်တော်၌ ပြုလုပ်ခဲ့သော မြန်မာအစိုးရသစ်၏ ပထမအကြိမ်သတင်းစာရှင်းလင်းပွဲ၌ လက်နက်ကိုင်တိုင်းရင်းသားများကိစ္စနှင့် ပတ်သက်၍ အပစ်အခတ်ရပ်စဲရေးမူ (၈) ချက်မှာ တဖက်သတ် လုပ်ကြံပြောဆိုမှုသာဖြစ်ကြောင်း မွန်ပြည်သစ်ပါတီအထွေထွေအတွင်းရေးမှူး နိုင်ဟံသာက လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ ယနေ့ ပြောကြားသည်။

ပန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း၏သတင်းစာရှင်းလင်းပွဲ
ပန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း၏သတင်းစာရှင်းလင်းပွဲ

“ဦးကျော်ဆန်းပြောသွားတဲ့ အချက် ၈ ချက်အနက် အချက် ၁ ကနေ ၆ အထိကိုတော့ ကျနော် မပြောလိုပါ၊ နောက်ဆုံး အချက် ၇၊ ၈ တို့ဟာ ကျနော်တို့မွန်ပြည်သစ်ပါတီနဲ့ သဘောတူညီချက်မှာ လုံးဝ မပါခဲ့သလို အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့လည်း သဘောတူခဲ့တာကို မကြားမိခဲ့ဘူး” ထို့အပြင် တစ်ဖွဲ့နှင့်တစ်ဖွဲ့၊ နေရာအနေအထား မတူညီကြသဖြင့် သဘောတူညီချက်များလည်း ကွဲပြားမှု ရှိနေကြောင်း နိုင်ဟံသာက ဆက်ပြောသည်။

မြန်မာပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း၏ မဟုတ်မမှန် ရှင်းလင်းပြောကြားခဲ့သည့် ငြိမ်းချမ်းရေးမူ စည်းကမ်း (၈) ချက်တွင် (၁) တပ်အင်းအား မတိုးချဲ့ရ။ (၂) ဆက်ကြေးကောက်ခြင်းနှင့် ဥပဒေနှင့်မညီသော လုပ်ငန်းများ မပြုလုပ်ရ။ (၃) သတ်မှတ်ထားသော နယ်မြေအတွင်း၌သာ လှုပ်ရှားရန်နှင့် သတ်မှတ်နယ်မြေကျော်လွန်၍ လှုပ်ရှားလူမျိုး မပြုလုပ်ရ။ (၄) ခရီးသွားလာရာတွင် သတ်မှတ်နယ်မြေအတွင်း လွတ်လပ်စွာ သွားလာနိုင်သော်လည်း အခြားနေရာများသို့ သွားလာရန်ရှိပါက သက်ဆိုင်ရာသို့ ခွင့်ပြုချက်ရယူ၍ လက်နက်မဲ့သာ သွားလာရန်။ (၅) နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး၊ တရားစီရင်ရေးကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်း မပြုလုပ်ရ။ (၆) အစိုးရအား ဆန့်ကျင်သော အဖွဲ့အစည်းများ နိုင်ငံရေးပါတီများနှင့် အဆက်အသွယ် မပြုလုပ်ရ။ (၇) လက်နက်ကိုင်ဆောင်မှုနှင့် ပတ်သက်၍ နောင်ဖြစ်ပေါ်လာမည့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆောင်ရွက်ရန်။ (၈) အသစ်ရေးဆွဲလျက်ရှိသော ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြည်သူ့ဆန္ဒခံယူပွဲပြီးသည်နှင့် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ရန်၊ သို့မှသာလျှင် ရွေးကောက်ပွဲရောက်နိုင်မည် စသည်ဖြင့် မြန်မာသတင်းစာများက ရေးသားဖေါ်ပြခဲ့သည်။

၁၉၉၅ ခုနှစ် ဇွန်လ ၂၉ ရက်နေ့ မွန်ပြည်သစ်ပါတီနှင့် နဝတအပစ်ရပ်စဲရေးသဘောတူညီချက်များတွင် အချက် (၁၄) ချက်ပါသည်ဟု သိရသည်။ ထိုအချိန်တွင် ဒုဗိုလ်ချူပ်ကြီး ခင်ညွန့် နှင့် စစ်ထောက်လှမ်းရေးအဖွဲ့ ကသာ တိုင်းရင်းသားလက်နက်ကိုင်များနှင့် အပစ်အခတ်ရေး သဘောတူညီချက်များ ရယူခဲ့ပေသည်။ ထိုကာလတွင် ယခုလက်ရှိပြန်ကြားရေးဝန်ကြီး ကျော်ဆန်း အမည်ကို တိုင်းရင်းသား အဖွဲ့ များက မသိပါ။ ၄င်းကိုယ်တိုင်မှာလည်း မည်သည့် အပစ်အခတ်ရပ်စဲရေး တွေ့ ဆုံဆွေးနွေးပွဲတွင် မပါဝင်ဖူးခဲ့ပေ။

မွန်ပြည်သစ်ပါတီနှင့် ယခင်စစ်အစိုးရတို့ အပစ်အခတ်ရပ်စဲရေးကာလ (၁၉၉၅) ခုနှစ်တွင် ဖွဲ့စည်းအုပ်ချူပ်ပုံ အခြေခံဥပဒေအသစ် မရေးဆွဲရသည့်အပြင် ရွေးကောက်ပွဲ ပြုလုပ်သည့်အလားအလာ မရှိသည့်အတွက် အချက် (၇) နှင့် (၈) ကား လုပ်ကြံ ပြောဆိုမှုသာဖြစ်ကြောင်း နိုင်ဟံသာမှ ထောက်ပြထားပါသည်။

“ကျနော်တို့ပါတီအပြီး နောက်ထပ်အပစ်အခတ်ရပ်စဲရေး လုပ်ခဲ့တဲ့ ဦးခွန်ဆာတို့ MTA နဲ့ ဗကပ(ရခိုင်ပြည်) အဖွဲ့ဆိုရင် လက်နက်ချလိုက်ရတယ်၊ နောက်ပိုင်းမှာ PSLA ပလောင်အဖွဲ့၊ SSN-A ရှမ်းအဖွဲ့တွေကို အတင်း လက်နက်ဖြုတ်လိုက်တယ်၊ ၂၀၀၈ မှာ ရလလဖ လက်ကျန်တွေကိုလည်း စစ်တပ်အင်အားနဲ့ ဝိုင်းထားပြီး လက်နက်ချခိုင်းတယ်၊ ခုနက အစိုးရပြောတဲ့အချက် ၈ ချက်ကိုရော အစိုးရဘက်က လိုက်နာခဲ့တာ ရှိလားလို့ ကျနော်မေးချင်ပါတယ်” ဟု နိုင်ဟံသာက ဆက်ပြောသည်။

ယခင်စစ်အစိုးရလက်ထက်တွင် မွန်ပြည်သစ်ပါတီအပါအဝင် အခြားသောအပစ်ရပ်အဖွဲ့ အစည်းများက နိုင်ငံရေး ဆွေးနွေးပွဲအတွက် တောင်းဆိုခဲ့သော်လည်း မိမိတို့ မှ စစ်အစိုးရသာဖြစ်ကြောင်း နောင်တက်လာမည့် အရပ်သားအစိုးရနှင့်သာ ဆွေးနွေးပါ ဆိုပြီး အကြိမ်ကြိမ် ပြောဆိုခဲ့ပေသည်။

လတ်တလောတွင် အစိုးရအနေဖြင့် KIO နှင့် အသစ်တကြိမ် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အတွက် လက်မှတ်ရေးထိုးနိုင်ရန်အလုပ်တကြီး လုပ်နေသည်ဟု KIO အရာရှိ၏ ပြောဆိုချက်ကို သတင်းဌာနများက ဖေါ်ပြကြသည်။

လက်ရှိ KIO မှ မြန်မာအစိုးရထံ တောင်းဆိုချက်များတွင် “လက်ရှိအစိုးရအနေဖြင့် ၁၉၄၇ ခုနှစ် ပင်လုံသဘောတူညီချက်အပေါ် ဘယ်လိုသဘောထားပါသလဲ” ဟု ပါရှိသည်ဟု သိရသည်။

မြန်မာအစိုးရသစ်၏ ပထမအကြိမ်သတင်းစာရှင်းလင်းပွဲ၌ KIO ကချင်လွတ်လပ်ရေးအဖွဲ့အား အဓိကထား၍ ရှင်းလင်းပြောဆိုခဲ့ရာတွင် တဖက်သတ်အပြစ်ဖို့ထားသည်ကို တွေ့ရှိခဲ့ရကြောင်း လေ့လာသူများ သုံးသပ်ထားကြသည်။

 

 

 

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts