Saturday, March 14, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်ဝန်ကြီးချုပ်မှ ကျေးရွာအုပ်ချုပ်ရေးမှူး ၂ ဦးစီ ကြိုတင်ရွေးပေးရန် ညွန်ကြား

    မွန်ပြည်နယ်ဝန်ကြီးချုပ်မှ ကျေးရွာအုပ်ချုပ်ရေးမှူး ၂ ဦးစီ ကြိုတင်ရွေးပေးရန် ညွန်ကြား

    -

    ဟောင်ဒိန်း၊ လွတ်လပ်သော မွန်သတင်း အေဂျင်စီ – မွန်ပြည်နယ်အတွင်းရှိ ကျေးရွာအုပ်ချုပ်ရေးမှူးနေရာများအတွက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်က ကျေးရွာတစ်ရွာလျှင် ၂ ဦးစီ ကြိုတင် ရွေးချယ်ပေးခဲ့ပြီး ၄င်းအနက် သက်ဆိုင်ရာကျေးရွာမှ နှစ်သက်သူတစ်ဦးကို အတည်ပြုပေးရမည် ဖြစ်ကြောင်း သိရသည်။

    ၄င်းပြည်နယ်ဝန်ကြီးချုပ်အမိန့်စာကို မြို့နယ်အုပ်ချုပ်ရေးမှူးကိုယ်တိုင် သက်ဆိုင်သည့် ကျေးရွာများသို့ သွားရောက်၍ ဖတ်ကြားပေးခဲ့သည်။

    “ဒီအမိန့်စာက ကျနော်ထုတ်တာ မဟုတ်ဘူး။ ဝန်ကြီးချုပ်ကိုယ်တိုင် ရွေးချယ်ထားတဲ့လူကို ကျနော်က ဖတ်ပြပေးတာ” ဟု မုဒုံမြို့နယ် အုပ်ချုပ်ရေးမှူးက ၄င်းအပြစ်ဖြစ်မည်ကို စိုးရိမ်၍ အမိန့်စာဖတ်ကြားစဉ်တွင် ရွာသားများအား ရှင်းပြခဲ့သည်။

    မုဒုံမြို့နယ်တွင် ဖယ်ဒို၊ ကမာအုပ် နှင့် ကင်းချောင်းကျေးရွာတို့တွင် ကျေးရွာအုပ်ချုပ်ရေးမှူးအသစ်များ ရွေးချယ်ပြီးဖြစ်ကြောင်း၊ ကမာအုပ်နှင့် ကင်းချောင်းကျေးရွာတို့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်၊ ဖယ်ဒိုကျေးရွာ၌ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီမှ ရွေးချယ်ခံရသည်။

    ထိုကဲ့သို့ မြို့နယ်အုပ်ချုပ်ရေးမှူး သွားရောက်ခဲ့ရာတွင် ၄င်းတို့နှင့် နီးစပ်သူများကိုသာ အစည်းအဝေး တက်ရောက်ရန် ဖိတ်ကြားခဲ့ခြင်းဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ် ရွေးချယ်ပေးထားသည့် အမည်စာရင်း ၂ ဦးအနက် ကျေးရွာအုပ်ချုပ်မှူး တစ်ဦးကို အစည်းအဝေး တက်ရောက်လာသူ လူနည်းစုကသာ အတည်ပြုရွေးချယ်ကြောင်း သိရသည်။

    ပြီးခဲ့သည့် ဇူလိုင်လ ၂၀ ရက်နေ့တွင် မုဒုံမြို့နယ်၊ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အသင်းဝင်များ အစည်းအဝေးကျင်းပခဲ့ရာ၌ နောင်လာမည့် ရွေးကောက်ပွဲများအတွက် ဆန္ဒမဲများ ပိုမိုရရှိရန် ကျေးရွာအသီးသီးရှိ အမာခံအသင်းသားတစ်ဦးလျှင် တစ်နှစ်အတွင်း အဖွဲ့ဝင်သစ် ၁၀ ဦးရရှိရန် စည်းရုံးသွားမည်ဟု အစည်းအဝေးတက်ရောက်ခဲ့သူနှင့် နီးစပ်သူတစ်ဦးကပြောသည်။

    ယခုအခါ မုဒုံမြို့နယ်ရှိ မွန်ကျေးရွာတစ်ရွာ၌ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အမာခံအသင်းသား ၅ ဦးခန့်သာရှိသည်ဟု သိရပြီး လွန်ခဲ့သည့် ဇူလိုင်လ ၂၂ ရက်နေ့တွင်လည်း ၄င်းတို့၏ အသင်းဝင်ကဒ်ပြားများကို လိုက်လံဝေငှပေးခဲ့သည်ကို တွေ့ရှိရသည်။

    ရပ်ရွာ (သို့မဟုတ်) ကျေးရွာအုပ်ချုပ်ရေးမှူး ရာထူးသက်တမ်း၊ အကြိမ်အရေအတွက် သတ်မှတ်ချက် မရှိဟု ပြည်ထဲရေးဝန်ကြီး ဦးမောင်ဦး၏ ပြောကြားချက်ကို မတ်လထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြခဲ့သဖြင့် ယခင် စစ်အစိုးရလက်ထက်က ရွာလူကြီးအဟောင်းများကိုပင် ပြန်လည်ခန့်အပ်မည်ကို မွန်ပြည်သူများ စိုးရိမ်နေရကြောင်း ပြောဆိုသံများ ထွက်ပေါ်နေသည်။

    အဆိုပါ ကျေးရွာအုပ်ချုပ်ရေးမှူးရာထူး ရွေးချယ်သတ်မှတ်ရေးအတွက် မြန်မာနိုင်ငံအစိုးရအဆက်ဆက်မှ ခိုင်မာသည့်နည်းဥပဒေများ ပြဌာန်းခဲ့ခြင်း မရှိသေးပေ။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks