spot_img
Saturday, January 31, 2026
More
    spot_img
    Homeသတင်းကြားဖြတ် ရွေးကောက်ပွဲ လွတ်လပ် တရားမျှတရန် မွန်ပါတီတောင်းဆို

    ကြားဖြတ် ရွေးကောက်ပွဲ လွတ်လပ် တရားမျှတရန် မွန်ပါတီတောင်းဆို

    -

    ရိုင်မရော့ – ယခုနှစ်မကုန်မီ ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမှုရှိသည့် ရွေးကောက်ပွဲဖြစ်စေရန် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက ပြည်ထောင်စု ရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင်သို့ တင်ပြတောင်းဆို ခဲ့ကြောင်း သိရသည်။

    မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ
    မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ

    ပြည်ထောင်စု ရွေးကောက်ပွဲကျင်းပရေးကော်မရှင်နှင့် ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီ ၃၆ ပါတီမှ ကိုယ်စားလှယ်များ နေပြည်တော်၌ ယနေ့ တွေ့ဆုံရာတွင် ယခုကဲ့သို့ တင်ပြခဲ့ခြင်းဖြစ်သည်ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဌနိုင်ငွေသိန်းက ပြောသည်။

    ၎င်းတို့ပါတီက အချက် ၁၀ချက်ဖြင့် တင်ပြခဲ့ရာတွင် ပြီးခဲ့သည့်ရွေးကောက်ပွဲ ကျင်းပစဉ်က ဖြစ်ပျက်ခဲ့သည့် ကြိုတင်မဲကိစ္စ၊ မဲရုံမလုံလောက်သည့်ကိစ္စ၊ မဲဆန္ဒရှင်စာရင်း မှန်ကန်မှု မရှိသည့်ကိစ္စများ ပါ၀င်သည်ဟု နိုင်ငွေသိန်းက ရှင်းပြသည်။

    “အချိန် ၃ မိနစ်လောက်ပဲရတယ်ဆိုတော့ ကိုယ်ပြင်ဆင်ထားတဲ့ အချက်ကို အမြန်ပြောလိုက်ရတယ်၊ ကျနော်က ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ဖြစ်ခဲ့တဲ့ မသမာမှုတွေကို နောက်လာမယ့်ရွေးကောက်ပွဲမှာ မဖြစ်ဖို့ တင်ပြလိုက်တယ်” ဟု နိုင်ငွေသိန်းက ပြောသည်။

    ကော်မရှင် အနေဖြင့် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရန် နိုင်ငံရေးပါတီများနှင့် ပူးပေါင်းလုပ်ဆောင်သွားမည်ဟု နိုင်ငံရေးပါတီများအား ပြောကြားခဲ့ကြောင်း နိုင်ငွေသိန်းက ဆက်ပြောသည်။

    ယမန်နှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲကျင်းပစဉ်က မွန်ပြည်နယ် မြို့နယ်တချို့တွင် မဲထည့်သည့် မဲဆန္ဒရှင်များ ကိုယ်ရေး အချက်အလက် မှတ်တမ်းတင်ခံရခြင်း၊ မဲရုံမှူး လက်မှတ် မပါသည့် မဲလက်မှတ် ထုတ်ပေးခြင်း၊ မဲရုံတာဝန်ရှိသူ ကိုယ်တိုင်က ကြံ့ဖွံ့ပါတီ အတွက် မဲခြစ်ပေးခဲ့ခြင်း စသည့် မသမာမှုများ ရွေးကောက်ပွဲရက်တွင် ဖြစ်ပွားခဲ့ကြောင်း မွန်ဒေသခံများက ပြောကြသည်။

    သမ္မတ ဦးသိန်းစိန်အစိုးရက ပြင်ဆင်ဖွဲ့စည်းထားသည့် ပြည်ထောင်စု ရွေးကောက်ပွဲကျင်းပရေး ကော်မရှင် ဥက္ကဌအဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးနှင့်အတူ အဖွဲ့ဝင်အဖြစ် ဦးမြင့်နိုင်၊ ဦးအောင်မြင့်၊ ဒေါက်တာ ဒေါ်မြင့်ကြည်၊ ဦးသာဦး၊ ဦးအေးကြူ နှင့် ဦးညွန့်တင်တို့ ပါဝင်ကြောင်း သိရသည်။

    မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီသည် ပြီးခဲ့သည့် ရွေးကောက်ပွဲ၌ မွန်ပြည်နယ်၊ ကရင်ပြည်နယ် နှင့် တနင်္သာရီတိုင်း လွှတ်တော် သုံးရပ်တွင် ကိုယ်စားလှယ်လောင်း (၃၄) ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ကိုယ်စားလှယ် (၁၆) ဦး အနိုင်ရရှိခဲ့သည်။

     

     

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks