spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းတက္ကသိုလ်ဝင်တန်းအမှတ်စာရင်းထုတ်ခဲ့ရာတွင် ငွေကျပ် တစ်သောင်း ပေးဆောင်ရ

    တက္ကသိုလ်ဝင်တန်းအမှတ်စာရင်းထုတ်ခဲ့ရာတွင် ငွေကျပ် တစ်သောင်း ပေးဆောင်ရ

    -

    မိလယီထော – မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၊ မြို့နယ်စာစစ်ရုံးစိုက်ရာ အထက (၁) ၌ ယခုရက်ပိုင်းအတွင်း ၂၀၁၁ ခုနှစ်တက္ကသိုလ်ဝင်တန်းအောင် အမှတ်စာရင်းများထုတ်ခဲ့ရာတွင် ကျောင်းသားတစ်ဦးအတွက် ငွေကျပ်တစ်သောင်းပေးဆောင်ခဲ့ရကြောင်း ကျောင်းသားမိဘများက လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ ပြောသည်။

    ရန်ကုန်တွင် အမှတ်စာရင်းလာရောက်ထုတ်နေကြသူများ

    သံဖြူဇရပ်မြို့၊ အောင်မင်္ဂလာရပ်ကွက်မှ ကျောင်းသားမိဘတစ်ဦးက “အမှတ်စာရင်းသွားထုတ်ခဲ့တဲ့ သူတွေပြောတာ မယုံပါဘူး၊ သားခရီးလွန်နေလို့ ကျနော်သွားထုတ်တော့ ငွေတစ်သောင်းပေးလိုက်ရတယ်၊ ဘာဖြတ်ပိုင်းမှ မပေးဘူး” ဟု ပြောသည်။

    အခြား ကျောင်းသားမိခင်တစ်ဦး အဆိုအရ စာသင်ကျောင်းအတွက် လိုအပ်သော ပရိဘောဂများဖြည့်ဆည်းရန် တက္ကသိုလ်ဝင်တန်းအောင် အမှတ်စာရင်းထုတ်ယူချိန်တွင် သူ့မထံမှ ငွေတောင်းခံခဲ့ကြောင်း ပြောသည်။

    “လိုအပ်တဲ့ဖေါင်တွေ ကျမဖြည့်ပြီးတဲ့အခါမှ အဲဒီကဆရာမတစ်ယောက်က ကျောင်းပစ္စည်းရံပုံငွေ အလှူခံတယ်လို့ပြောတော့ ကျမလည်း ငွေတစ်သောင်း ထည့်လိုက်ရတယ်” ဟု သံဖြူဇရပ်မြို့၊ အထက (၁) မှ ယခုနှစ် ၁၀ တန်းအောင်မြင်ခဲ့သော ကျောင်းသားမိခင်တစ်ဦးက ပြောသည်။

    ၂၀၁၁ ခုနှစ် တက္ကသိုလ်၀င်စာမေးပွဲ အောင်မြင်သူများမှာ မိမိတို့ဖြေဆိုခဲ့ကြသော စာစစ်ဌာနကြီးကြပ်ရေးမှူးများ (အခြေခံပညာ အထက်တန်း ကျောင်းအုပ်ကြီးများ) ထံတွင် အမှတ်စာရင်း၊ အရည်အချင်းမှတ်တမ်းချုပ် ရမှတ်အဆင့်၊ တက္ကသိုလ်၀င်ခွင့် လမ်းညွှန်စာအုပ်နှင့် တက္ကသိုလ်၀င်ခွင့် လျှောက်လွှာပုံစံများကို ဇူလိုင် ၂၀ ရက်နေ့မှ စတင်ကာ ကိုယ်တိုင်သွားရောက်ထုတ်ယူနိုင်ကြောင်း သိရသည်။

    သို့ရာတွင် မွန်ပြည်နယ်၊ ရေးမြို့အထကမှ ယခုနှစ်တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သည့် ကျောင်းသားတစ်ဦးက “ကျနော်တို့ကျောင်းမှာ အမှတ်သွားထုတ်တာ အလှူငွေမထည့်ရပါဘူး” ဟု ပြောသည်။

    ယခုဇူလိုင်လ ၂၄ ရက်မှ သြဂုတ်လ ၁၃ ရက်နေ့ထိ အောက်မြန်မာပြည်၊ အဆင့်မြင့်ပညာဦးစီးဌာန -အောက်မြန်မာပြည်၊ (သထုံလမ်း) သို့ တက္ကသိုလ်၀င်ခွင့်လျှောက်လွှာများ စတင်လျှောက်ထားနိုင်ကြပြီး စာတိုက်မှလည်း ပေးပို့နိုင်ကြသည်ဟု ပြည်တွင်းသတင်းဌာနများတွင် ဖေါ်ပြခဲ့သည်။

    ၂၀၁၀-၂၀၁၁ ခုနှစ် တက္ကသိုလ်၀င်တန်းစာမေးပွဲ အောင်မြင်သူများအား အမှတ်စာရင်းများကို ဇွန် ၂၇ ရက်မှ စ၍ မြန်မာ အင်ဖိုတက်ခ် Myanmar Info Tech အတွင်း ဇွဲကပင်ဆောင်တွင် ထုတ်ယူ ရရှိနိုင်ပြီး ဖြေဆိုသူ၏ ခုံအမှတ်၊ စာစစ်ဌာနအမည်၊ ဖြေဆိုသူ၏ အဘအမည်၊ နေရပ်လိပ်စာတို့ကို လျှောက်လွှာ (ဖောင်) ဖြည့်သွင်း ရေးသားရာတွင် လျှောက်လွှာတစ်စောင် ကျပ် ၂၅၀ နှင့် တံဆိပ် ခေါင်းဖိုး ကျပ် ၂၀၀ သာ ကုန်ကျမည်၍ လျှောက်လွှာတင်သည့် ၁၀ ရက်ပြည့်မှ အမှတ်စာရင်းရရှိမည်ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks