Saturday, March 14, 2026
More
    spot_img
    Homeသတင်းရေနုတ်မြောင်းဖောက်လုပ်ရန် လယ်သမားများထံမှငွေကောက်ခံ

    ရေနုတ်မြောင်းဖောက်လုပ်ရန် လယ်သမားများထံမှငွေကောက်ခံ

    -

    ဟောင်ဒိန်း၊ လွတ်လပ်သော မွန်သတင်းအေဂျင်စီ – မွန်ပြည်နယ်၊ မုဒုံမြို့နယ်တောင်ပိုင်း၊ ဝင်းဖနုံဆည်ဖေါက်ထုတ်နေမှုကြောင့် အနီးအနားတဝိုက်ကျေးရွာများရှိ လယ်မြေများဆည်ရေလွှမ်းမိုးမှုခံနေရခြင်းကြောင့် ရေနုတ်မြောင်းဖောက်လုပ်ရန် ပြီးခဲ့သည့်သီတင်းပတ်အတွင်း လယ်သမားများထံမှ သက်ဆိုင်ရာကျေးရွာအာဏာပိုင်များ ငွေကောက်ခံခဲ့သည်ဟု လယ်သမားများထံမှသိရသည်။`
    အဆိုပါဝင်းဖနုံဆည်ရေလွှမ်းမိုးခံနေရသည့်လယ်မြေများမှာ ဒိုးမား၊ ဆက်သွယ်၊ ကွမ်ကဗွီး၊ ထုံမံ၊ ကလော့သော့၊ ရွာသစ်၊ တောင်ပ စသည့်ကျေးရွာများဖြစ်ကြပြီး သက်ဆိုင်ရာကျေးရွာအာဏာပိုင်အသီးသီးက ငွေကြေးကောက်ခံခဲ့ခြင်းဖြစ်သည်။

    ဝင်းဖနုံဆည်တည်ရှိရာနှင့် ရေလွှမ်းမိုးခံလယ်မြေများအား Google Earth မှမြင်နေရပုံ
    ဝင်းဖနုံဆည်တည်ရှိရာနှင့် ရေလွှမ်းမိုးခံလယ်မြေများအား Google Earth မှမြင်နေရပုံ

    “မြောင်းဖောက်သူတွေကို ကျွေးမွေးဖို့၊ ဆီဖိုးအတွက်ရယ် ပြီးတော့ပိုတဲ့ငွေတွေကို မြောင်းလာဖောက်တဲ့လူတွေကို နည်းနည်းပါးပါးပေးနိုင်ဖို့ဆိုပြီးတော့ ဆည်အောက်ပိုင်းက လယ်ရှင်တွေဆီကငွေကောက်ခဲ့တယ်၊ ဒါပေမယ့် တချို့လယ်တွေက ဒီရေနုတ်မြောင်းနဲ့ အလှမ်းဝေးနေတော့ သူတို့နဲ့မသက်ဆိုင်တော့ မပေးချင်ကြပါဘူး” ဟု ဆက်သွယ်ကျေးရွာမှ လယ်သမားတစ်ဦးက ပြောသည်။

    အဆိုပါရေနုတ်မြောင်းဖောက်လုပ်ရန်အတွက် လယ်သမားများထံမှ ငွေကြေးတောင်းခံမည်မဟုတ်ဟု မြို့နယ်အာဏာပိုင်မှ ကြိုတင်အသိပေးပြောကြားခဲ့သော်လည်း ယခုရေနုတ်မြောင်းဖောက်လုပ်သည့်အခါ လယ်မြေတစ်ဧကလျှင်ကျပ်ငွေ ၂၀၀၀ နှုန်းထားဖြင့် သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးတို့ဦးဆောင်ကောက်ခံနေသည်ဟု အဆိုပါလယ်သမားက ပြောသည်။

    “အစက အလကားဖောက်ပေးမယ်လို့ပြောတယ်၊ ဒါပေမယ့် တကယ်ကျတော့ တစ်ဧကကျပ်၂၀၀၀ တောင်းတယ်၊ ကျနော့်မှာ လယ် ၂၀ ဧကရှိတယ်၊ လေးသောင်းပေးလိုက်ရတယ်၊ တစ်နှစ်မှလည်း လယ်ကောင်းကောင်းမလုပ်ရဘူး၊ ရေကတော့ နှစ်တိုင်းမြုပ်နေတာပဲ မြောင်းဖောက်ပြန်တော့လည်း ပိုက်ဆံပေးရပြန်၊ အဆင်မပြေပါဘူး လယ်လုပ်ချင်စိတ်တောင်ကုန်နေပြီး ဒါပေမယ့် ကိုယ့်ထမင်းအိုးက လယ်ပဲလေ မလုပ်ရင်လည်း စားစရာမရှိ” ဟု လယ်မြေ ရေလွှမ်းမိုးမှုခံထားရသည့် လယ်သမားတစ်ဦးက ပြောသည်။

    လယ်ယာခြံမြေများ ရေပေးဝေနိုင်ရေးအတွက်၂၀၀၁ ခုနှစ် ဝင်းဖနုံဆည်တည်ဆောက်ပြီးကတည်းက နှစ်စဉ်ဆည်ရေအောက်ပိုင်း၌ ရေလွှမ်းမိုးမှုဒဏ်ခံနေရသည့် လယ်မြေဧက ၂၀၀ ကျော်ခန့်ရှိပြီး သက်ဆိုင်သည့်လယ်မြေပိုင်ရှင် ၃၀ ဦးခန့်မှာ မိုးရာသီလယ်စိုက်ချိန်ရောက်တိုင်း အခက်အခဲကြုံတွေ့နေကြရသည်။

    “လယ်သမား ၁၀ ဦး စုပြီးတော့ မုဒုံမှာ သွားတင်ပြတယ်၊ ရေနုတ်မြောင်းဖောက်ပေးဖို့ပေါ့နော်၊ အဲဒါ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနကနေပြီးတော့ မြောင်းဖောက်ဖို့ မြေတူးစက်တွေ ကားတွေနဲ့ ဆင်းလာပြီးတော့ မြောင်းဖောက်ပေးတယ်၊ ခုတော့တဝက်တပျက်လောက်တော့ ပြီးသွားပြီ” ဟု မုဒုံမြို့နယ် ဒိုးမားကျေးရွာရှိ လယ်သမားတစ်ဦးက ပြောသည်။

    ဆည်အောက်ပိုင်းရှိ ရေလွှမ်းမိုးခံထားရသည့် လယ်သမား ၃၀ ကျော်က လွန်ခဲ့သည့်ဧပြီလတွင် မွန်ပြည်နယ် ဝန်ကြီးချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ ပြည်နယ် စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးမျိုးညွန့်ထံသို့၎င်း ဆည်ရေလွှမ်းမိုးမှုပြဿနာကိုဖြေရှင်းပေးရန် အသနားခံစာရေးသားပေးပို့ခဲ့ကြောင်း ယခင်သတင်းများတွင် ဖေါ်ပြခဲ့ပြီးဖြစ်သည်။
    မုဒုံမြို့နယ်တောင်ပိုင်းဒေသရှိ နွေစပါးစိုက်မြေ ၄၅၀၀ ဧကနှင့် ဥယာဉ်သီးနှံခြံ ၅၀၀၀ ဧက စိုက်ပျိုးရန် ရည်ရွယ်ပြီး ၂၀၀၁ ခုနှစ်တွင် ဝင်းဖနုံဆည်ကို တည်ဆောက်ခဲ့သည် ဟု မြန်မာအစိုးရပိုင် သတင်းစာများတွင် ဖော်ပြထားသည်။

    မွန်ပြည်နယ် (၁၀) မြို့နယ်တွင် စပါးစိုက်ပျိုးနိုင်သည့် လယ်မြေဧကပေါင်း (၁၀) သိန်းကျော်ရှိပြီး မွန်လူမျိုး (၇၅) ရာခိုင်နှုန်းမှာ လယ်သမားများ ဖြစ်ကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks