Tuesday, April 21, 2026
More
    spot_img
    Homeသတင်းသံဖြူဇရပ်မြို့စောင့်တပ်မိသားစု အပြင်ထွက်အိပ်နေရ

    သံဖြူဇရပ်မြို့စောင့်တပ်မိသားစု အပြင်ထွက်အိပ်နေရ

    -

    မင်းသုတ- မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၌ လုံခြုံရေးအခြေအနေစိုးရိမ်နေရသည်ဟု သတင်းထွက်ပေါ်နေသည့်အတွက် မြို့ခံခလရ (၆၂) တပ်ရင်းမှ အိမ်ထောင်သည်အမျိုးသမီးများနှင့် ခလေးများ မြို့ပေါ်ရပ်ကွက်များသို့ ပြောင်းရွေ့နေကြရကြောင်း ဒေသခံများက ပြောသည်။

    “တပ်ရင်းအိမ်ထောင်သည်လိုင်းမှာ မိသားစု ၂၀ ကျော်လောက်ပဲရှိပါတယ်တဲ့၊ ခင်မင်ရာအသိမိတ်ဆွေတွေ အိမ်တွေဆီညအိပ်ညနေဖို့ပဲ၊ တချို့ဆို နေ့ပိုင်းဆိုတပ်ထဲပြန်တယ်၊ တပ်ရင်းမှာအခြေအနေမကောင်းဘူးလို့ ပြောနေကြတယ်” ဟု ၄င်းမိသားစုများနှင့် တွေ့ရှိခဲ့သူ သံဖြူဇရပ်မြို့ခံတစ်ဦး ပြောသည်။

    ခလရ ၆၂ တပ်ရင်းတည်နေရာပြပုံ
    ခလရ ၆၂ တပ်ရင်းတည်နေရာပြပုံ

    ခလရ ၆၂ တပ်ရင်းသည် သံဖြူဇရပ်မြို့အစွန်တွင်တည်ရှိပြီး တပ်မြေ၏အနောက်ဖက်ခြမ်းများ၌ ရာဘာခြံနှင့် တောင်ညိုတောင်တန်းငယ်များရှိနေသဖြင့် ပထဝီအနေအထားအရ အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အလွယ်တကူလာရောက်တိုက်ခိုက်နိုင်သည်ဟုလည်း သူက ဆက်ပြောသည်။

    လွန်ခဲ့သည့်ဇွန်လ ၂၉ ရက်နေ့တွင် သံဖြူဇရပ်မြို့၊ မြို့နယ်အုပ်ချုပ်ရေးမှူး အိမ်အနီး၌ ဗုံးပေါက်ကွဲမှုတရပ် ဖြစ်ပေါ်ခဲ့ကြောင်း၊ ယနေ့အထိလက်သည်မဖေါ်နိုင်ကြောင်း ယခင်သတင်းများတွင် ဖေါ်ပြခဲ့ပြီးဖြစ်သည်။

    “ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေ မြို့နားရောက်နေတယ်လို့ သတင်းတွေပြန့်နေတယ်၊ ဟိုတလောကလည်း မှန်လုံကားတွေမီးရှို့တာ၊ ဗုံးပေါက်ကွဲခဲ့တဲ့ကိစ္စတွေလည်း ဖြစ်ခဲ့တော့ မြို့လုံခြုံရေးကိုအထူး သတိထားနေရတယ်” ဟု သံဖြူဇရပ်မြို့ စရဖအဖွဲ့နှင့်နီးစပ်သူ အမည်မဖေါ်လိုသော စီးပွားရေးလုပ်ငန်းရှင်တဦးက ပြောသည်။

    ညပိုင်းအချိန်မတော် မြို့ပေါ်သွားလာသူများအား မသင်္ကာဟုယူဆလျှင် ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်နေသည်ဟုလည်း သိရသည်။

    “ညပိုင်းဘောလုံးပွဲကြည့်ပြီး ပြန်လာတဲ့သူတွေ၊ မျက်နှာစိမ်းမော်တော်ဆိုင်ကယ်နဲ့ သွားလာတဲ့သူတွေကိုလည်း စစ်ဆေးတယ်၊ အချို့ဆိုရင် အချုပ်ခန်းမှာ တညအိပ်ရတာရှိတယ်” ဟု မြို့ခံလူငယ်တဦးက ပြောသည်။

    သို့ရာတွင် မြို့လုံခြုံရေးအနှောက်အယှက်ပေးနိုင်သူ မည်သူတဦးတယောက်ကိုမှ ဖမ်းဆီးမိခြင်းမရှိသေးပေ။

    သံဖြူဇရပ်မြို့နယ်တွင် ပြီးခဲ့သည့်ဇွန်လ၌ တရားမဝင် လက်နက်ကိုင်ဆောင်ထားသူများရှိပါက သက်ဆိုင်ရာအာဏာပိုင်များထံ လာရောက်အပ်နှံရန် နှိုးဆော်ထားကြောင်း ယခင်သတင်းများတွင် ဖေါ်ပြထားသည်။

    ယခင်က သံဖြူဇရပ်မြို့၌ ခလရ ၃၁၊ ၆၂ တပ်ရင်း နှစ်ရင်းရှိခဲ့ရာ ခလရ ၃၁ အား ရေးမြို့နယ်၊ ခေါဇာမြို့နယ်ခွဲသို့ လွန်ခဲ့သည့် ၁၀ နှစ်ခန့်တွင် အပြီးအပိုင်ပြောင်းရွေ့ခဲ့သည်ဟု သိရသည်။

    လက်ရှိတွင် အင်အား ၁၀၀ ကျော်ရှိ ခလရ ၆၂ တပ်ရင်းတစ်ရင်းသာ မြို့စောင့်တပ်အဖြစ် ကျန်ရှိနေပြီး စကခ (၁၉) လက်အောက်ခံတပ်ရင်းဖြစ်သည့်အတွက် ကရင်ပြည်နယ်ထိုးစစ်များတွင် ထိုးစစ်ဆင်ခဲ့သည့် တပ်ရင်းတစ်ရင်းဖြစ်ခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,500SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks