spot_img
Sunday, February 22, 2026
More
    spot_img
    Homeသတင်းဂေါတမမြတ်စွာဘုရားရှင်အရင်ဦးဆုံးဖူးမြင်တွေ့ခွင့်ရသည့်နေ့ မွန်လူငယ်များကျင်းပ

    ဂေါတမမြတ်စွာဘုရားရှင်အရင်ဦးဆုံးဖူးမြင်တွေ့ခွင့်ရသည့်နေ့ မွန်လူငယ်များကျင်းပ

    -

    ကျလွန်းထော – ဂေါတမမြတ်စွာဘုရားရှင်အား မွန်လူငယ် ကုန်သည်ညီနောင်နှစ်ပါးဖြစ်သည့် တဖုဿနှင့် ဘလ္လိကတို့ အရင်ဦးဆုံးဖူးမြင်တွေ့ခွင့်ရသည့်နေ့ကိုအစွဲပြု၍ ယမန်နေ့ ဝါဆိုလဆန်း ၅ ရက်နေ့တွင် မွန်လူငယ်များက အခမ်းအနား ၂ နေရာ ကျင်းပပြုလုပ်ခဲ့သည်ဟု မွန်လူငယ်ခေါင်းဆောင်တစ်ဦးက ပြောသည်။

    ဂေါတမမြတ်စွာဘုရားရှင် မဟာသက္ကရာဇ် ၁၀၃ ခု ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့(ဘီစီ-၅၈၈)တွင် ဘုရားအဖြစ်ကိုရောက်တော်မူပြီး ၄၉ ရက်အကြာ ဝါဆိုလဆန်း ၅ ရက်နေ့တွင် မဇ္ဇျိမဒေသရောက် အဆိုပါမွန်ကုန်သည်ညီနောင်နှစ်ပါးက သွားရောက်ဖူးမျှော်ခဲ့ခြင်းဖြစ်သည်ဟု ဗုဒ္ဓဝင်စာပေမှတ်တမ်းများမှ သိရသည်။

    ယမန်နေ့အခမ်းအနားများမှာ အဆိုပါမွန်ကုန်သည်ညီနောင်နှစ်ပါး ထိုစဉ်ကာလကရရှိခဲ့သော မြတ်စွာဘုရားဆံတော်ဌာပနာတည်ရှိရာ ရန်ကုန်မြို့ရွှေတိဂုံဘုရား စေတီရင်ပြင်တော်နှင့် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ခရုံဂူကျေးရွာအနီးရှိခရုံဂူစေတီများတွင် ကျင်းပပြုလုပ်ခဲ့သည်ဟု သိရသည်။

    အခမ်းအနားများတွင် ဂေါတမမြတ်စွာဘုရားအဖြစ်ရောက်ရှိလာပုံနှင့် မွန်ကုန်သည်ညီနောင်နှစ်ပါးအား ဆံတော်များချီးမြှင့်ပြီး ရွှေတိဂုံစေတီတော်တည်ထားကိုးကွယ်ခဲ့ပုံ ဗုဒ္ဓဝင်သမိုင်းအကျဉ်းချုပ်အား ဟောပြောခဲ့သည်ဟု သိရသည်။

    ဗုဒ္ဓမြတ်စွာဘုရားပုံ
    ဗုဒ္ဓမြတ်စွာဘုရားပုံ

    “မွန်လူမျိုးတွေ ဂေါတမမြတ်စွာဘုရားရှင်ကိုအရင်ဦးဆုံးဖူးမြင်ခွင့်ရတဲ့နေ့၊ ပြီးတော့ ကျနော်တို့ မွန်လူမျိုးတွေဟာ ဘုရားရှင်ရဲ့အမွေအနှစ်ကို အရင်ဦးဆုံးဆက်ခံယူခွင့်ရခဲ့နေ့ဆိုတာကို ယနေ့ခေတ် မွန်လူငယ်တွေကိုသိစေချင်တဲ့ရည်ရွယ်ချက်နဲ့ ဒီအထိမ်းအမှတ်ကို ပြုလုပ်ရတာပါ၊ ဒါက ပထမဦးအဆုံးအကြိမ် ပြုလုပ်တာဖြစ်တယ်” ဟု မွန်လူငယ်ခေါင်းဆောင်က ပြောသည်။

    ယခုခေတ်ထုတ် အချို့ဗုဒ္ဓဝင်သမိုင်းရေးသားချက်တွင် အဆိုပါမွန်ကုန်သည်ညီနောင်နှစ်ပါးအား မြန်မာညီနောင်နှစ်ပါးဟု ပြောင်းလဲရေးသားဖေါ်ပြလာသည်ကို ဖတ်ရှုရသည်။

    ခရုံဂူစေတီအခမ်းအနားကျင်းပရာ၌ ဒေသအသီးသီးမှ လူငယ်ပေါင်း (၃၀၀) ကျော် တက်ရောက်ခဲ့ကြပြီး ရွှေတိဂုံစေတီတော်ရင်ပြင်တော်တွင် သာမန်ဘုရားဖူးများကဲ့သို့ သွားရောက်ဖူးမြှော်၍ လှို့ဝှက်ကျင်းပခဲ့ရာ လူငယ် ၄၀ ဦးခန့်တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

    “ကျနော်တို့ မွန်လူမျိုးက ဘုရားကို ပထမဦးဆုံး ဖူးရတယ်ဆိုတာ အခုမှအသေအခြာသိရတော့တယ်၊ မြင့်မြတ်တဲ့လူမျိုးတမျိုးလို့ အခုလိုသိလိုက်ရတော့ ကိုယ့်လူမျိုးအတွက် အရမ်းကိုဂုဏ်ယူမိတယ်၊ တက်ရောက်လာတဲ့ ဒေသအသီးသီးကလူငယ်တွေကလည်း ကျနော့်ခံစားချက်နဲ့ ထပ်တူပါပဲ” ဟု အခမ်းအနားတက်ရောက်ခဲ့သူတစ်ဦးက ပြောသည်။

    အဆိုပါအထိမ်းအမှတ်နေ့အခမ်းအနား ပထမအကြိမ်ယခုကဲ့သို့ပြုလုပ်ခဲ့ရာတွင် အခက်အခဲများစွာ မတွေ့ရှိရသည့်အတွက် နောက်လာမည့်နှစ်တွင် ပိုမိုပြုလုပ်သွားမည်ဟုလည်း အခမ်းအနားဖြစ်မြောက်ရေးလှုပ်ရှားသူတဦးက ပြောသည်။

    ဂေါတမမြတ်စွာဘုရားအဖြစ်ရောက်တော်မူပြီး (၄၉) ရက်အကြာ ဝါဆိုလဆန်း (၅)ရက်နေ့တွင် မွန်လူငယ်ကုန်သည်နှစ်ပါးက သာသနာ့အမွေအနှစ် (၅) ပါးဖြစ်သည့် ဘုရားကိုပထမဦးဆုံး ဖူးမျော်ခွင့်ရခြင်း၊ သရဏံဂုဏ် ဦးစွာခံယူခွင့်ရခြင်း၊ ဆွမ်းဦးဒါန ဦးစွာလှုဒါန်းခွင့်ရခြင်း၊ တရားဦးနာကြား ခွင့်ရရှိခဲ့ခြင်းနှင့် ဆံတော်အမွေအနှစ်များ ဆက်ခံခွင့်ရရှိသောနေ့ကို အသိမှတ်ပြုသည့်အနေဖြင့် အထိမ်းအမှတ်နေ့ ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    3 COMMENTS

    1. မြင့်မြတ်တယ်ဆိုတာ..မြတ်သောအကျင့်ကိုကျင့်ကြံသောသူပင်ဖြစ်သည်။ (ဒေါက်တာမင်းတင်မွန်)

    2. စိတ်၀င်စားစရာကောင်းတဲ့ သတင်းလေးမို့ ၀င်ရောက်ဆွေးနွေးလိုက်ပါတယ် .. တဖုဿ နဲ့ ဘလ္လိကာ ညီနောင် နှစ်ဦးဟာ မွန်လူမျိုး ဖြစ်တယ်ဆိုတာ ခုမှ သိရတော့ အ့ံသြရပါတယ် … ဘာလိုကြောင့် မွန် လူမျိုးတွေ ဖြစ်နေတယ်ဆိုတာလေး အထောက်ထား ပြမယ်ဆိုရင် ပိုကောင်းပါတယ် .. ဘာဖြစ်လို့လဲ ဆိုတော့ သူတို့နှစ်ယောက်ဟာ မြန်မာနိုင်ငံသားများ ဖြစ်တယ်ဆိုတာလောက်ဘဲ မှတ်သားခဲ့ဖူးတယ် .. ဒီထက်လဲ ပိုမတွေးမိခဲ့ဘူး … ဥက္ကလာ သားတွေလို့လဲ ဆိုကြပါတယ် .. နောက် နိုင်ငံခြားရောက်ပြီး တက္ကသိုလ်တက်တော့ သီရိလင်္ကာနိုင်ငံသားတွေကလဲ အဲဒီညီနောင်နှစ်ပါးဟာ သီရိလင်္ကာသားများ ဖြစ်ကြတယ်လို့ပြောတယ် အိန္ဒိယ သားတွေလဲ သူတို့နိိုင်ငံသားလို့ ပြောကြတာပါဘဲ .. ဒါပေမဲ့ သူတို့ပြောတဲ့ထဲမှာ မြန်မာနိုင်ငံကတော့ သူတို့နိုင်ငံသား ဖြစ်တယ်ဆိုတာကို ရွှေတိဂုံနဲ့ သက်သေပြနိုင်ငကြတယ်လို့တော့ ပညာရှင်များက ဆိုကြပါတယ် .. ဘာကြောင့်မွန်လူမျိုး ဖြစ်တယ်ဆိုတာလေးကို ပြောပြပေးကြပါ .. ဒီကိစ္စဟာ သုတေသန စာတန်းတစ်ခု လုပ်နိုင်မဲ့ ကိစ္စကြောင့်ပါ .. ဦးဇင်းကို ဆက်သွယ်မယ်ဆိုရင်တော့ revaggavomsa@gmail.com ပါ …

    3. မြတ်သောတရားကိုကျင့်ကြံအားထုတ်မှသာ..မြင့်မြတ်သောသူဖြစ်မှာပါ..

    Comments are closed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks