Saturday, March 14, 2026
More
    spot_img
    Homeသတင်းအနားယူခဲ့သော မွန်ပြည်သစ်ပါတီတပ်ဖွဲ့ဝင်ဟောင်းအချို့ မိခင်အဖွဲ့အစည်းသို့ ပြန်လာနေကြပြီ

    အနားယူခဲ့သော မွန်ပြည်သစ်ပါတီတပ်ဖွဲ့ဝင်ဟောင်းအချို့ မိခင်အဖွဲ့အစည်းသို့ ပြန်လာနေကြပြီ

    -

    မင်းသုတ – ယခင်အနားယူခဲ့သော မွန်ပြည်သစ်ပါတီတပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်းများအတွင်း၌ သက်ဆိုင်ရာ မိခင်ဌာနအဖွဲ့အစည်းထံသို့ ပြန်လာနေကြသူ အများအပြားရှိနေကြောင်း ဗဟိုဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ ပြောကြားခဲ့သည်။

    “အရေအတွက်အတိအကျပြောဖို့ခက်တယ်၊ ဗဟိုဌာနချုပ်ကို ပြန်ရောက်လာသူရှိသလို အောက်ခြေခရိုင်ရုံးနဲ့ မြို့နယ်ရုံးတွေမှာလည်း ပြန်ရောက်လာတာရှိပါတယ်၊ ဇွန်လ ၃၀ နောက်ဆုံးထားပြီး လက်နက်ပြန်အပ်ကြဖို့ အာဏာပိုင်တွေတလောက ကြေညာချက်ထုတ်ပြန်ခဲ့တာနဲ့ တနည်းနည်းဆက်စပ်နိုင်တယ်လို့ ယူဆပါတယ်” ဟု အဆိုပါတာဝန်ရှိသူက ရှင်းပြသည်။

    မြန်မာအစိုးရနှင့် အပစ်ခတ်ရပ်စဲထားသည့်အဖွဲ့ဝင်များ ဇွန်လ (၃၀) ရက်နေ့ နောက်ဆုံးထားပြီး သက်ဆိုင်ရာမြို့နယ်ရဲစခန်း (သို့မဟုတ်) စစ်ဖက်ရေးရာလုံခြုံရေး (စရဖ) ရုံးသို့ လက်နက်များ အပ်နှံရန် လိုက်လံနှိုးဆော်ထားကြောင်း ယခင်သတင်း (ဇွန်လ-၂၉) များတွင် ဖေါ်ပြခဲ့ပြီးဖြစ်သည်။

    မွန်ပြည်သစ်ပါတီ တပ်ဖွဲ့ဝင်များ
    မွန်ပြည်သစ်ပါတီတပ်ဖွဲ့ စစ်ရေးပြအခမ်းအနားတရပ်မြင်ကွင်း

    “လက်နက်ရှိရင် လက်နက်လာအပ်ဖို့ အချို့ရွာတွေမှာ စာကပ်ထားပါတယ်၊ ဒါကြောင့် နောက်တဆင့် ခံဝန်ချုက်လိုလိုဟာမျိုး လက်မှတ်ပေးထိုးလာလိမ့်မယ်လို့ ယူဆမိတဲ့အတွက် ကျနော့်မိခင်အဖွဲ့အစည်းကို အခုအရောက်ပြန်လာကြတယ်၊ အာဏာပိုင်တွေက တဆင့်ပြီးတဆင့်အကြပ်ကိုင်လာဖို့ရှိတယ်” ဟု ယခုရက်ပိုင်း၌ မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ်သို့ ပြန်ရောက်ရှိလာသူ ဗိုလ်ကြီးဟောင်းတစ်ဦးက ပြောသည်။

    ထို့အတူ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းရွာအနီးအခြေစိုက်ထားသည့် မွန်ပြည်သစ်ပါတီ သထုံခရိုင်တပ်ရင်းတွင်လည်း အနားယူခဲ့သည့် တပ်ဖွဲ့ဝင်ဟောင်းအချို့ ပြန်လည်ရောက်လာနေကြောင်း သထုံခရိုင်အတွင်းရေးမှူး နိုင်အောင်မငေး ကပြောသည်။

    “ခုတလော မွန်ရဲဘော်ဟောင်းတွေ အရန်တပ်ဖွဲ့အနေနဲ့ တာဝန်လာယူတဲ့အရေအတွက် ထပ်တိုးလာတယ်၊ ကာလတခုအထိ လာပြီးတာဝန်ထမ်းဆောင်သူတွေ များတယ်၊ တကယ်လို့ အစိုးရတပ်ဖွဲ့နဲ့ပစ်ခတ်မှုဖြစ်တာနဲ့ ဒီဒေသတဝိုက်မှာရှိနေကြတဲ့ အရင်တပ်မှူး၊ တပ်သားဟောင်းတွေအားလုံး ပြန်လာမယ်လို့ ကျနော့်ကိုအသိပေးထားကြတယ်” ဟု သူက ဆက်ပြောသည်။

    အဆိုပါအနားယူခဲ့သူ တပ်မှူးတပ်သားအများစုမှာ အပစ်ရပ်စဲထားသောကာလများ၌ မွန်ပြည်သစ်ပါတီမှ အနားယူကြကာ မိသားစုစားဝတ်နေရေးပြေလည်စေရေးအတွက် မိမိဇာတိနေရပ်များတွင် လယ်ယာခြံမြေလုပ်ငန်း လုပ်ကိုင်နေကြကြောင်း သိရသည်။

    ၁၉၉၅ ခုနှစ် မွန်ပြည်သစ်ပါတီနှင့်စစ်အစိုးရအပစ်ရပ်စဲစဉ်ကာလ၌ တပ်ဖွဲ့ဝင်အင်အား ၇၀၀၀ ကျော်ရှိခဲ့သည်ဟု ထိုကာလထုတ်စစ်အစိုးရသတင်းစာများတွင် ရေးသားဖေါ်ပြခဲ့သည်။

    ၂၀၀၉ ခုနှစ်ဆန်းပိုင်းတွင် မွန်ပြည်သစ်ပါတီဗဟိုဌာနချုပ်မှ အရှေ့တောင်တိုင်းစစ်ဌာနချုပ်သို့ ပေးပို့သောစာရင်းတွင် အင်အား (၃၅ဝဝ) ကျော်ရှိသည်ဟု ဖေါ်ပြခဲ့သည်။

    မွန်ပြည်သစ်ပါတီသည် နယ်ခြားစောင့်တပ် (သို့မဟုတ်) ပြည်သူ့စစ်အသွင်မပြောင်းလဲသည့်အတွက် ၂၀၁၀ ခုနှစ်၊ စက်တင်ဘာ (၁) ရက်နေ့မှစတင်၍ စစ်အစိုးရနှင့်အပစ်ရပ်ပျက်ပြယ်ကြောင်း စစ်အစိုးရအကြောင်းကြားစာကို မွန်ပြည်သစ်ပါတီမှ သတင်းထုတ်ပြန်ခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks