spot_img
Monday, February 16, 2026
More
    spot_img
    Homeသတင်းထိုင်းဘတ်ငွေလဲလှုယ်နှုန်း အနည်းငယ်ဦးမော့လာ

    ထိုင်းဘတ်ငွေလဲလှုယ်နှုန်း အနည်းငယ်ဦးမော့လာ

    -

    ကျလွန်းထော – ထိုင်းဘတ်ငွေလဲလှုယ်နှုန်း မူလအခြေအနေသို့ မရောက်သေးသော်လည်း အနည်းငယ်ဦးမော့လာသည့်အတွက် ငွေလဲလှုယ်ရေးလုပ်ငန်းများအပြင် ကုန်သည်ပွဲစားနှင့် မြန်မာလုပ်သမားများအတွက် ပြေလည်မှုရှိလာပြီဟု နယ်စပ်ငွေလဲလှုယ်သူများက ပြောသည်။ 

    ပြီးခဲ့သည့် ဧပြီလတွင် ဘတ်ငွေလဲလှုယ်နှုန်းမှာ ငွေကျပ် ၁ သိန်းတွင် ဘတ်ငွေ ၃၀၀၀ ဖြင့် လဲလှုယ်ရပါသည်။

    ထိုင်းနှင့် မြန်မာငွေကြေးများ ( ဓာတ်ပုံ - လွတ်လပ်သော မွန်သတင်းအေဂျင်စီ)
    ထိုင်းနှင့် မြန်မာငွေကြေးများ ( ဓာတ်ပုံ - လွတ်လပ်သော မွန်သတင်းအေဂျင်စီ)

    မြန်မာငွေကျပ် ၁ သိန်းအတွက် ထိုင်းဘတ်ငွေ ၄၂၀၀ ဘတ် ပေးရသည်အထိ ဘတ်လဲလှုယ်နှုန်း ကျဆင်းသွားရာမှ ယနေ့စျေးမှာ ငွေကျပ် ၁ သိန်းလျှင် ၃၉၀၀ ဘတ်သို့ စျေးတက်သွားပြီဟု နယ်စပ်ဘုရားသုံးဆူမြို့မှ ငွေလဲလှုယ်နေသည့် နိုင်လင်းက ပြောသည်။

    “စျေးနည်းနည်းခုန်လာတော့ ထိုင်းဘတ်ငွေ ဝယ်တဲ့သူရှိလာတယ်၊ အဓိကကတော့ ကုန်သည်တွေ ကုန်တင်ကုန်ပို့နည်းတော့ ထိုင်းဘတ်ဝယ်တဲ့သူမရှိဘူး၊ ဒီကြားထဲမှာ ဘတ်စျေးတစ်ရက်တက်လာတယ်၊ ဘတ် ၃၇၆၀ ဘတ်နဲ့ စျေးရတယ်၊ ၂ ပါတ်လောက် စျေးကျသွားတာ ကျနော် ဘတ် ၁ သောင်းလောက် ရှုံးသွားတယ်၊ အခုတော့ ဝယ်သူတွေ အရှိန်နည်းနည်းရလာတော့ ပြန်အဆင်ပြေသွားတယ်” ဟု ၄င်းက ပြောသည်။

    ပုံမှန်စျေးနှုန်းဖြစ်သည့် ငွေကျပ် ၁ သိန်းလျှင် ဘတ်ငွေ ၃၀၀၀ ကျော်ဖြင့် လဲလှုယ်ရခြင်းကို ဝါတွင်းသုံးလ ကုန်မှသာ ၄င်းစျေးနှုန်း ရရှိလာနိုင်မည်ဖြစ်ကြောင်းနှင့် ယခုအချိန်တွင် ဘုရားသုံးဆူမြို့၏ တိုက်ပွဲဖြစ်ခဲ့သည့်အခြေအနေကြောင့် ကုန်သည်များ ကုန်တင်ကုန်ပို့သည့် အရှိန်လျော့နေသည့်အတွက် ဘတ်လဲလှုယ်နှုန်းထပ်တက်ရန် မရှိသေးကြောင်း နိုင်လင်းက ဆက်ပြောသည်။

    ဘုရားသုံးဆူမြို့မှ ထိုင်းဘက်ကမ်း စံခလပူရီမြို့နယ်သို့ ကုန်ခြောက်များ တင်သွင်းရောင်းချနေသည့် ကုန်သည်တစ်ဦးကလည်း “ထိုင်းဘတ် စျေးမရှိတဲ့အချိန်မှာ အမြတ်မရဘူး၊ ပစ္စည်းတစ်ခုခုဆိုရင် ၁ ဘတ် လောက်ပဲမြတ်တယ်၊ မဝယ်လို့လည်းမဖြစ်ဆိုတော့ ဝယ်ရောင်းနေရတယ်၊ အခုဘတ်စျေး တက်လာပြီးဆိုတော့ ကုန်တင်ချရတာ အမြတ်ထွက်လာတယ်” ဟု သူမက ပြောသည်။

    ဘတ်လဲလှုယ်နှုန်း အနည်းငယ်တက်သည့်အတွက် ကုန်သည်များအပြင် လုပ်သမားများလည်း အဆင်ပြေလာသည်ဟု နယ်စပ် မြဝတီမြို့မှ ထမင်းဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

    “ပြီးခဲ့တဲ့ ၁၀ ရက်လောက်ကဆိုရင် ငွေလဲတာ နည်းနည်းပဲရတယ်၊ အခုခုနည်းနည်းတက်လာတော့ အဆင်ပြေသွားတယ်” ဟု ၄င်းက ပြောသည်။

    ထိုင်းဘတ် ငွေလဲလှုယ်နှုန်းကျသည့်အချိန်တွင် နေရပ်မိဘထံ ငွေပို့ရာ၌ ကျပ်ငွေ ၂ သိန်းရရန် ထိုင်းဘတ်ငွေ ၈၄၀၀ ဘတ် ပေးလိုက်ရသည်ဟု ဘန်ကောက်မြို့မှ လုပ်သမားတစ်ဦးက ပြောသည်။

    “အိမ်မှာလည်း ငွေလိုနေလို့ ပို့လိုက်တာ၊ ၂ သိန်းခွဲရမယ့်နေရာ ၂ သိန်းလောက်ပဲရတယ်၊ အခု စျေးခုန်လာပြီးဆိုတော့ ကျနော်တို့အတွက် အခြေအနေကောင်းလာတယ်လို့ ဆိုရမှာပေါ့” ဟု သူက ပြောသည်။

    ငွေစျေးမငြိမ်မသက် ဖြစ်နေသည့်အချိန်တွင် အချို့သော ငွေလွှဲသူများက ၄င်းတို့၏လုပ်ငန်းများ ရပ်ဆိုင်းလိုက်ရပြီး ယခု စျေးတက်လာမှသာ ပြန်လည်စတင်နေသည်ဟု ဘန်ကောက်မြို့မှ ငွေလွှဲနေသူတစ်ဦးက ပြောသည်။

    ထိုင်းငွေလဲလှုယ်နှုန်းမှာ ပြီးခဲ့သည့် ဧပြီလမှစပြီး ကျဆင်းသွားခြင်းဖြစ်သည်။ ဧပြီလ အတာသင်္ကြန်ကာလတွင် မြန်မာနိုင်ငံ အလုပ်သမားများ မိမိနေရပ်သို့ ပြန်သွားသည့်အတွက် မြန်မာငွေကျပ် လိုအပ်သူ ပေါများလာသည့်အတွက် ဘတ်ငွေစျေးနှုန်း ကျဆင်းသွားသည်။ နောက်ပိုင်းတွင် နယ်စပ်ဒေတွင်၌ အခြေအနေမတည်ငြိမ်မှုကြောင့် ထိုင်းငွေစျေးနှုန်းထပ်မံ ကျဆင်းရပြန်သည်။ ထိုင်းငွေလဲလှုယ်နှုန်း ကျဆင်းမှုသည် ယခုနှစ်တွင် အမြင့်မားဆုံးဖြစ်သည်ဟု ငွေလဲလှုယ်သူအတိုင်းအဝိုင်းက သုံးသပ်ကြသည်။

     

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks