Tuesday, March 10, 2026
More
    spot_img
    Homeသတင်းအရှေ့တောင်တိုင်းတွင် စစ်ရေး ပြင်

    အရှေ့တောင်တိုင်းတွင် စစ်ရေး ပြင်

    -

    ရိုင်မရော့၊ ကျလွန်းထော – မွန်ပြည်နယ် မော်လမြိုင်မြို့ အရှေ့တောင်တိုင်း စစ်ဌာနချုပ်အနီး ရွှေနတ်တောင်ကွင်းတွင် စစ်ကားများနှင့်အတူ တပ်အင်အားများ ပြင်ဆင်ထားကြောင်း မွန်ပြည်သစ်ပါတီ စစ်ဘက်အသိုင်းအဝိုင်းမှ လာသော သတင်းအရ သိရသည်။

    “ဘယ်ဘက်ကို ဦးတည်ပြီး သွားမယ် ဆိုတာတော့ မပြောနိုင်သေးဘူး၊ ကျနော်တို့ဘက်လည်း ဖြစ်ချင် ဖြစ်မယ်၊ ကရင်ဘက်လည်း ဖြစ်ချင် ဖြစ်မယ်” ဟု မွန်ပြည်သစ်ပါတီ စစ်ဘက် တာဝန်ရှိသူတဦးက ပြောသည်။

    စစ်အင်အား ၅၀၀ ခန့်နှင့် လက်နက်ကြီး လက်နက်ငယ် အများအပြား ပြင်ဆင်ထားသည်ဟု သူက ဆိုသည်။

    ရဲဘော်များ စစ်ရေးလေ့ကျင့်နေစဉ်
    ရဲဘော်များ စစ်ရေးလေ့ကျင့်နေစဉ်

    ၎င်းပြင် မွန်ပြည်သစ်ပါတီ သထုံခရိုင်ဘက်သို့လည်း အစိုးရတပ်များ ဦးတည်နေသည်ကို တွေ့ရှိရကြောင်း မျက်မြင်တဦးက ပြောသည်။

    ၄င်းနှင့် ပတ်သက်ပြီး သထုံခရိုင် တာဝန်ရှိသူကို ဆက်သွယ်မေးမြန်းရာ “ကျနော်တို့ ထိန်းချုပ်နယ်မြေထဲကိုတော့ မရောက်သေးဘူး၊ ဝင်လာရင်လည်း ကျနော်တို့က ပစ်မှာပဲ” ဟု ပြောသည်။

    မုဒုံမြို့နယ်ရှိ အဘစ်ကျေးရွာ လမ်းဝတွင်လည်း အစိုးရတပ်များ မွန်ပြည်သစ်ပါတီ မော်လမြိုင်ခရိုင်ဘက်သို့ ဦးတည်ထွက်ခွာနေသည်ကို တွေ့ရှိရကြောင်း ဒေသခံများက ပြောသည်။

    “ကျနော်က အဘစ်လမ်းကနေ ဘုရားသုံးဆူကို ဝင်ဖို့ ရောက်သွားတယ်၊ အဘစ်လမ်းဝမှာ စစ်သားတွေရော၊ စစ်ကားတွေရော အများကြီးပဲ” ဟု ကိုယ်တိုင် မြင်တွေ့ခဲ့သည့် သံဖြူဇရပ်မြို့ခံတဦးက ပြောသည်။

    စစ်အစိုးရ ကမ်းလှမ်းထားသည့် နယ်ခြားစောင့်တပ်၊ ပြည်သူ့စစ်ပုံစံ ပြောင်းလဲရေးကို လက်မခံနိုင်ကြောင်း ၂၀၁၀ ခုနှစ် စက်တင်ဘာလတွင် မွန်ပြည်သစ်ပါတီက နောက်ဆုံး ငြင်းဆိုပြီး နောက်ပိုင်း နှစ်ဘက် ဆက်ဆံရေး တင်းမာမှု ရှိသည်။

    ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံ မြောက်ပိုင်းဒေသရှိ ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) နှင့် အစိုးရတပ်တို့ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေပြီး ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်ဘက်သို့လည်း ကူးစက်လာနိုင်ဖွယ် ရှိသည်ဟု စစ်ရေး အကဲခတ်များက သုံးသပ်ကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks