spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းဝယ်လိုအားကြောင့် ရာဘာပျိုးပင်များ ပြတ်လပ်

    ဝယ်လိုအားကြောင့် ရာဘာပျိုးပင်များ ပြတ်လပ်

    -

    မင်းတော်လ၀ီ – မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မြောက်ပိုင်းဒေသများမှ ရာဘာပျိုးပင်များကို စျေးကောင်းပေးကာ အလုအယက် ဝယ်ယူခြင်းကြောင့် မွန်ပြည်နယ်တွင် ရာဘာ ပျိုးပင်များ အလွန်ရှားပါးသွားပြီ ဖြစ်ကြောင်း ပျိုးပင်ခြံရှင်များက ပြောသည်။

    ( ဓာတ်ပုံ-www.telemontgroup.com)
    ( ဓာတ်ပုံ-www.telemontgroup.com)

    “မွန်ပြည်နယ်မှာ သူ့အတိုင်းအတာနဲ့သူ စိုက်ရင် ပျိုးပင် လုံလောက်နိုင်တဲ့အပြင် ပိုတောင် ပိုနိုင်တယ်၊ ဒါပေမဲ့ ရှမ်းအရှေ့ ၊ ရှမ်းမြောက်က လာဝယ်တော့ ပျိုးပင် ပြတ်သလောက် ဖြစ်သွားပြီ” ဟု မြန်မာ့ နှစ်ရှည်ပင် လုပ်ငန်း မန်နေဂျာ တဦးက ပြောသည်။

    မုဒုံမြို့နယ် ကွေ့ဝမ်းရွာရှိ ရွှေဥယျာဉ် ရာဘာပျိုးခြံ ဝန်ထမ်းတဦးက မိမိတို့ခြံမှ ရာဘာပျိုးပင် တသောင်းကျော်နှင့် အခြားပျိုးခြံများမှ ပျိုးပင်များ အပါအ၀င် ခန့်မှန်းခြေ ပျိုးပင် တသိန်းကျော်ကို ယခုလတွင် ရှမ်းပြည်နယ်မှ လာရောက် ဝယ်ယူသွားခဲ့သည်ဟု ပြောသည်။

    မုဒုံမြို့နယ် ဘဲရမ်းရွာ ရာဘာပျိုးပင် ခြံရှင်တဦးကလည်း “ရှမ်းပြည်က လာပြီး ကျနော့်ခြံက ပျိုးပင် ၅၀၀၀ ဝယ်ယူသွားသေးတယ်” ဟု ပြောသည်။

    မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ရာဘာပျိုးပင် အများဆုံး ထုတ်လုပ်ကြပြီး သံဖြူဇရပ်မြို့နယ်၊ ရေးမြို့နယ်နှင့် ကျိုက်မရောမြို့နယ်များတွင်လည်း အများအပြား ထုတ်လုပ်ကြသည်။

    မွန်ပြည်နယ်တွင် ရာဘာမျိုးကောင်း မျိုးသန့်များကို ထုတ်လုပ်သည့် နှစ်ရှည်ပင် သုတေသနဌာန ရှိပြီး သုတေသန ပြုချက်မှ ရရှိသည့် မျိုးကို ခြံရှင်များသို့ မျိုးဖြန့်ပေးကာ၊ ပုဂ္ဂလိကခြံများကလည်း မျိုးပွားများကို ထုတ်လုပ် ရောင်းချနေကြသည်ဟု မုဒုံမြို့ ကန်ကလေး ရာဘာခြံရှင် တဦးက ပြောသည်။

    မေလဆန်းတွင် (ပီဘီ၂၆၀) မျိုး ကိုင်းဆက် ပျိုးပင်တပင် စျေးမှာ ၃၅၀ ကျပ် ရှိသော်လည်း ယခုဇွန်လတွင် ၄၀၀ ကျပ်သို့လည်းကောင်း၊ (ဘီပီအမ်၂၄) မျိုး ကိုင်းဆက် ပျိုးပင်တပင် ၃၀၀ ကျပ်မှ ၃၅၀ ကျပ်သို့လည်းကောင်း ထိုးတက်ခဲ့သည်။

    ယခင် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မြင့်လှိုင် (ယခု လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး) က ရှမ်းပြည်နယ် အရှေ့၊ မြောက်ဒေသတွင် ရာဘာစိုက်ပျိုးရန် စီမံကိန်း ချထားခဲ့ပြီး ယခု ရှမ်းပြည်နယ် အစိုးရက အကောင်အထည် ဖော်လျက် ရှိကြောင်း ကျိုင်းတုံမြို့နယ်မှ ရာဘာစိုက် တောင်သူတဦးက သည်။

    မြန်မာတနိုင်ငံလုံးတွင် ရာဘာစိုက်ဧက ၁၀ သိန်းခန့် ရှိသည့်အနက် မွန်ပြည်နယ် ရာဘာစိုက်ဧက လေးသိန်းခွဲ (၄၅၀ ၀၀၀) ကျော် ရှိကာ အစေးထုတ်နိုင်သည့် ဧက နှစ်သိန်းခုနစ်သောင်း (၂၇၀ ၀၀၀) ကျော် ရှိသည်ဟု မြန်မာ့နှစ်ရှည်ပင် လုပ်ငန်းမှ ခန့်မှန်းထားသည်။

    မွန်ပြည်နယ်တွင် ကိုင်းကူး၊ ကိုင်းဆက်၊ အစေ့ပင်ပေါက် ရာဘာမျိုးကောင်း မျိုးသန့် ပျိုးပင် သိန်း ၅၀ ခန့် ရှိမည်ဟု မြန်မာ့နှစ်ရှည်ပင် လုပ်ငန်းမှ မန်နေဂျာတဦးက ခန့်မှန်းသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks