Monday, March 16, 2026
More
    spot_img
    Homeသတင်းမွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဘဏ္ဍာရေး အခက်အခဲ ရှိဆဲ

    မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဘဏ္ဍာရေး အခက်အခဲ ရှိဆဲ

    -

    ကျလွန်းထော၊ လွတ်လပ်သော မွန်သတင်း အေဂျင်စီ – မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဖွဲ့စည်းခဲ့သည်မှာ တနှစ်ပြည့်ပြီ ဖြစ်သော်လည်း ဘဏ္ဍာရေးအခက်အခဲများ ကြုံနေရဆဲ ဖြစ်ကြောင်း ပါတီခေါင်းဆောင်က ပြောသည်။

    “ငွေကြေးထောက်ပံ့သူ မရှိဘူး၊ ကိုယ်ပိုင်ငွေတွေနဲ့ပဲ သုံးနေကြရတယ်၊ မြို့နယ်ရုံးအသီးသီး ဖွင့်ထားရာမှာလည်း သူတို့ငွေကြေးနဲ့ သူတို့ပဲ” ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဌ နိုင်ငွေသိန်းက ပြောသည်။

    ပါတီရေရှည် ရပ်တည်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်နှင့် ဝန်ကြီးများ လစာရရှိပါက ပါတီအား ၁၀ ရာခိုင်နှုန်းထောက်ပံ့ပေးသွားရန် ပါတီက ဆုံးဖြတ်ချက် ချမှတ်ထားသည်။

    “သမ္မတ ဦးသိန်းစိန် ပြောတာက တိုင်းသူပြည်သားတွေ ဆင်းရဲချို့တဲ့ကြတဲ့အတွက် လစာတွေ လျှော့ယူရမယ်ဆိုပဲ၊ သူ့အနေနဲ့ ပြည်စုံပြီးသားမို့ လျှော့ယူလို့ ရတာပေါ့၊ နှစ်သိန်းလောက် လစာရတဲ့ အမတ်တွေဆို ဘာလုပ်လို့ ရမှာလဲ၊ ခုဆို ကျနော်တို့ပါတီ အမတ်အားလုံးဆီက ၃ – ၄ သိန်းလောက်ပဲ ပါတီရံပုံငွေ ရပါတယ်၊ တလ ၁၀ သိန်းလောက် ရလိမ့်မယ်လို့ မျှော်လင့်ခဲ့တာပဲ၊ တခြားသူတွေဆီက ဘာအထောက်အပံ့မှ တောင်းခံစရာ မလိုတော့ဘူးလို့ စဉ်းစားခဲ့တာပေါ့၊ ခုကျတော့ ငွေကြေး တတ်နိုင်သူတွေ၊ စေတနာရှိသူတွေဆီကနေ အလှူခံနေရတာ တသိန်း နှစ်သိန်းရရင်လည်း မဆိုးလှဘူး”ဟု ပါတီဥက္ကဌ နိုင်ငွေသိန်းက ပြောသည်။

    ဝန်ကြီးတဦးလျှင် လစာငွေကျပ်သိန်း ၂၀ ခံစားရမည်ဟု ယခင်သတင်းများတွင် ဖေါ်ပြခဲ့သော်လည်း လက်ရှိတွင် ဝန်ကြီးတဦး လစာ ၄ သိန်းသာ ရရှိနေကြသည်။ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်အမတ်တဦးလျှင် လစာငွေ ၃ သိန်းကျပ်နှင့် ပြည်နယ်လွှတ်တော်အမတ်တဦးလျှင် လစာငွေ ၂ သိန်းကျပ် အသီးသီး ခံစားကြရသည်။

    မြို့နယ်အသီးသီး၌ ဖွင့်လှစ်ထားရှိသော AMDP ရုံးတိုင်း ဘဏ္ဍာရေး ပြဿနာနှင့် ကြုံတွေ့နေရကြောင်း ဝင်ငွေအထောက်အပံ့ တစုံတရာ မရရှိသဖြင့် ရုံးအကြွေးများ ဆပ်ရန် ဖုန်းကိုလည်း ရောင်းလိုက်ရကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ သံဖြူဇရပ်မြို့နယ် အတွင်းရေးမှူး နိုင်သန်းရွှေက ပြောသည်။

    “အစိုးရဆီက ရထားတဲ့ CDMA ဖုန်းကို ရောင်းလိုက်ပြီး စည်းရုံးရေးဆင်းတဲ့ ကာလတွေက တင်ခဲ့တဲ့ အကြွေးတွေ အကျေ ဆပ်ခဲ့ရတယ်၊ ဖုန်းအသစ်ထပ်ရဖို့ လျှောက်ထားဆဲပဲ၊ မွန်သူဌေးတွေနဲ့ လုပ်ငန်းရှင်တွေဆီက အထောက်အပံ့ကလည်း သိပ်မျှော်လင့်နေလို့ မရပါဘူး” ဟု နိုင်သန်းရွှေက ပြောသည်။

    ထို့အပြင် မုဒုံမြို့ပေါ်ရှိ AMDP ရုံးသည်လည်း မိမိကိုယ်ပိုင်ငွေများဖြင့် ပါတီလုပ်ငန်းများ ဆောင်ရွက်နေရသောကြောင့် အနာဂတ်တွင် အခက်အခဲများစွာ ကြုံတွေ့နိုင်ဖွယ် ရှိကြောင်း မုဒုံမြို့နယ်ရုံးမှ အတွင်းရေးမှူး နိုင်ဟောင်းမွန်က ပြောသည်။

    “အားလုံးက ကိုယ်ပိုင်ငွေတွေ စိုက်ထုတ်ထားကြပြီး လှုပ်ရှားနေကြတာပဲ၊ ရေရှည်မှာ ဘယ်လိုဖြစ်လာမယ် ဆိုတာကိုတော့ မပြောနိုင်သေးဘူး” ဟု သူက ပြောသည်။

    နေပြည်တော်သို့ အစည်းအဝေး သွားရောက်တက်ကြရသည့် အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်အမတ်များအား တနေ့အသုံးစရိတ် ငွေကျပ်တသောင်း နေထိုင်စရိတ်နှင့် ခရီးစရိတ်များကို အစိုးရသစ်က ထုတ်ပေးသည်ဟု သိရသည်။

    လွှတ်တော်အမတ်တဦး လစာငွေ ၁၀ သိန်း သတ်မှတ်ပေးရန် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီအနေဖြင့် အစိုးရသစ်ထံ ပြန်လည်တင်ပြမည့် အစီအစဉ် ချမှတ်ထားသည်။

    ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲကာလအတွင်း မွန်ကိုယ်စားလှယ်လောင်းတဦးလျှင် အနည်းဆုံး ၁၀ သိန်းမှ အများဆုံး ၁၅ သိန်းထိ အသုံးပြုခဲ့ကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks