Homeသတင်းအပစ်ရပ် ပျက်သော်လည်း မွန်အထက်တန်းကျောင်းများကို ပူးပေါင်း စာဖြေခွင့် ပြု

အပစ်ရပ် ပျက်သော်လည်း မွန်အထက်တန်းကျောင်းများကို ပူးပေါင်း စာဖြေခွင့် ပြု

-

ကျလွန်းထော – ယခင်စစ်အစိုးရနှင့် အပစ်ခတ် ရပ်စဲရေး ပျက်ပြားသွားသော်လည်း အစိုးရသစ်က မွန်ပြည်သစ်ပါတီ လက်အောက်ရှိ မွန်ပညာရေးဌာနမှ အထက်တန်းကျောင်းသူ/သားများအား အစိုးရကျောင်းတွင် ပူးပေါင်းစာဖြေခွင့် ပေးထားကြောင်း သိရသည်။

“ပြီးခဲ့တဲ့နှစ် ဧပြီလက ခလေးတွေ စာဖြေပြီးတဲ့အချိန်မှာ နောက်နှစ်မှာ ပူးပေါင်း စာဖြေခွင့် မရှိတော့ဘူးလို့ ပြောလာတယ်၊ ကျနော်တို့ကို နည်းနည်းခြောက်လှန့်လိုက်တဲ့ သဘောပေါ့နော်၊ ကျနော်တို့ကလည်း မြို့နယ်၊ ပြည်နယ် ပညာရေးဌာနကို ကိုယ်တိုင် သွားတယ်၊ အကျိုးအကြောင်း ရှင်းပြတော့ ၂ လ ကျော်ကျော် ၃ လ အတွင်းမှာ စာဖြေဖို့ ခွင့်ပြန်ပေးခဲ့တယ်” ဟု မွန်ပညာရေးဌာန ကော်မတီဝင် နိုင်အိုင်းကွန်းက ပြောသည်။

ပူးပေါင်းစာဖြေခွင့် ပြုခြင်းကြောင့် လာမည့် ၂၀၁၁-၁၂ ပညာသင်နှစ်အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေပြီ ဖြစ်ကြောင်း နိုင်အိုင်းကွန်းက ပြောသည်။

စစ်အစိုးရ၏ နယ်ခြားစောင့်တပ် အသွင်ပြောင်းမှုကို လက်မခံကြောင်း ၂၀၁၀ ခုနှစ် ဧပြီလ နှောင်းပိုင်းတွင် မွန်ပြည်သစ်ပါတီက ငြင်းဆိုပြီးနောက် အစိုးရကျောင်းနှင့် ပူးပေါင်း စာဖြေခွင့် ပြုမည် မဟုတ်ကြောင်း စစ်အစိုးရက အကြောင်းပြန်ခဲ့သည်။

“ပညာရေးဆိုတော့ သူတို့က ပြဿနာ သိပ်မရှာပါဘူး” ဟု မွန်ပညာရေး ကော်မတီဝင် နိုင်သီဟက ပြောသည်။

မွန်အမျိုးသား ပညာရေးဌာန လက်အောက်တွင် အထက်တန်းကျောင်း ၃ ကျောင်း ရှိပြီး ညီစား အထက်တန်းကျောင်းနှင့် ရေးမြို့နယ် အင်ဒင်ရွာ အထက်ကျောင်းက ရေးမြို့ရှိ အထက်တန်းကျောင်းတွင်လည်းကောင်း၊ မော်လမြိုင်ခရိုင် ဝင်ကမ္ဘာရွာ အထက်တန်းကျောင်းက သံဖြူဇရပ်မြို့ရှိ အထက်တန်းကျောင်းတွင်လည်းကောင်း တက္ကသိုလ်ဝင်တန်း စာမေးပွဲကို အသီးသီး ဖြေဆိုကြသည်။

၁၉၇၂ ခုနှစ်မှ စ၌ မွန်အမျိုးသား ပညာရေးဌာနကို စတင်ဖွဲ့စည်းခဲ့ရာ မွန်စာပေကို အတန်းပညာရေးစနစ်ဖြင့် အဓိကထား သင်ကြားပေးခဲ့ပြီး ၁၉၈၄-၈၅ ခုနှစ်တွင် ဗဟို ပညာရေး အဖွဲ့ငယ်ကို ဆက်လက်ဖွဲ့စည်းနိုင်ခဲ့သည်။

မွန်ပညာရေးဌာနမှ စာရင်းအရ ၂၀၁၁ ခုနှစ်တွင် မွန်စာပေသင်ကြားခွင့်ရှိသည့် ကျောင်းပေါင်း ၂၇၂ ကျောင်းရှိပြီး မွန်ပညာရေးဌာနလက်အောက်ရှိ မွန်အမျိုးသားကျောင်း ၁၅၆ ကျောင်းနှင့် အစိုးရကျောင်းတွင် မွန်စာပေ ပူးပေါင်းသင်ကြားခွင့်ရသည့်ကျောင်း ၁၁၆ ကျောင်း ရှိသည်။

မွန်အမျိုးသားကျောင်းတွင် ကျောင်းသားဦးရေ တစ်သောင်းခွဲခန့် ရှိပြီး အစိုးရနှင့် တွဲဖက်ပညာသင်ကြားသည့်ကျောင်း၌ ကျောင်းသားဦးရေ နှစ်သောင်းကျော် ရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts