မင်းတော်လ၀ီ – လယ်လုပ်သားများ ရှားပါးလာသည့်အတွက် အခက်အခဲနှင့် ကြုံတွေ့နေရပြီး အပူတပြင်း ရှာဖွေငှားရမ်းနေကြရသည်ဟု မွန်ပြည်နယ်ရှိ လယ်ပိုင်ရှင်များက ပြောသည်။
ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်သူ တနှစ်ထက်တနှစ် များပြားခြင်းကြောင့် အထက်မြန်မာနိုင်ငံမှ လယ်လုပ်သားများကို အစားထိုး ငှားရမ်းနေကြသော်လည်း လုပ်ခ နည်းပါးခြင်းကြောင့် မလုပ်ကြခြင်း ဖြစ်သည်။
သင်္ကြန်လွန် ဧပြီလကုန်ပိုင်းမှ ကောက်စိုက်ပြီးချိန် ဇူလိုင်လကုန်ထိ လယ်လုပ်သားတဦးကို (၁၃၀ ၀၀၀) ကျပ် ဝန်းကျင်ဖြင့်သာ ငှားရမ်းကြသည်။
“လယ်လုပ်ဖို့ မွန်တွေ မရှိတော့ သူများတွေကို ငှားရတာပေါ့၊ လယ်လုပ်သား လုပ်ခက ထိုင်းမှာ သွားလုပ်တာလောက် မရဘူးလေ၊ ဒီလယ်လုပ်ခလောက်က ကိုယ့်သားသမီးလဲ မလုပ်နိုင်ဘူး” ဟု မုဒုံမြို့နုယ်မှ လယ်ပိုင်ရှင် နိုင်ထွန်းက ပြောသည်။
မိုးဦးမကျမီ ဧပြီလကုန်ပိုင်းမှ စ၍ လယ်ကွင်းများသို့ သဘာဝမြေသြဇာ ချခြင်း၊ လယ်တဲများကို ပြုပြင်ခြင်းနှင့် မိုးဦးကျပြီးနောက် ပျိုးခင်း ပြုပြင်ခြင်းများကို အဆင့်ဆင့် ပြုလုပ်ရသည့်အတွက် လယ်လုပ်သားများကို အပူတပြင်း ရှာဖွေရခြင်း ဖြစ်သည်။
“လယ်လုပ်ချိန်မှာ လယ်လုပ်သားတွေ ရှားပါးနေသလို မကြာခင် ကောက်စိုက်ချိန် ရောက်ရင်လဲ ကောက်စိုက်သမား ရှားဦးမှာပဲ၊ ကောက်စိုက်သမား မရရင် စိုက်ခင်းအစား ကြဲခင်းဖြစ်ဖို့ များတယ် ’’ ဟု လယ်ပိုင်ရှင် နိုင်ဘို က ခန့်မှှန်း ပြောဆိုသည်။
ကြဲခင်းမှာ စိုက်ခင်းထက် စပါးအထွက်နှုန်း လျော့နည်းသည့်အတွက် လယ်ပိုင်ရှင်များမှာ ကြဲခင်းကို မစိုက်လိုကြကြောင်း သိရသည်။
၂၀၁၀ ခုနှစ် မွန်ပြည်နယ် (မော်လမြိုင်ခရိုင်နှင့် သထုံခရိုင်) မိုးစပါးစိုက်ဧက (၁၀) သိန်းကျော် ရှိပြီး မော်လမြိုင်ခရိုင် မိုးစပါး စိုက်ဧက လျာထားချက်မှာ (၅၀၅ ၆၀၀) ဖြစ်သော်လည်း လယ်လုပ်သား ရှားပါးခြင်းကြောင့် စက်တင်ဘာလကုန်ထိ (၄၅၀ ၄၅၃) ဧကသာ စိုက်ပျိုးနိုင်သည်ဟု ခရိုင်မန်နေဂျာရုံးမှ ဝန်ထမ်းတဦးက ပြောသည်။
မြန်မာနိုင်ငံ အောက်ပိုင်းတွင် မွန်လူမျိုး ၃ သန်းခန့် နေထိုင်ကြပြီး ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်နေသည့် မွန်ရွှေ့ပြောင်း အလုပ်သမား ၄ သိန်းခန့် ရှိကြောင်း မွန်အလုပ်သမား အသင်းအဖွဲ့များက ခန့်မှန်းကြသည်။
မွန်ပြည်နယ်သို့ အခြားဒေသမှ အလုပ်သမား အများအပြားကို ငှားရမ်းနေကြရသည့်အတွက် လူမှုရေး ပြဿနာများ ဖြစ်ပွားလာမည်ကို မွန်ပြည်သူများ စိုးရိမ်နေကြသည်။
မွန်ပြည်နယ်သို့ လာရောက်လုပ်ကိုင်သူ အလုပ်သမား အများစုမှာ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ မကွေးတိုင်း နှင့် စစ်ကိုင်းတိုင်းမှ ဖြစ်ကြသည်။