spot_img
Monday, February 23, 2026
More
    spot_img
    Homeသတင်းလယ်ယာ သန်းခေါင်စာရင်းကို လယ်သမားများ ကြောက်လန့် နေဆဲ

    လယ်ယာ သန်းခေါင်စာရင်းကို လယ်သမားများ ကြောက်လန့် နေဆဲ

    -

    မိကျဲဂို၊ လွတ်လပ်သော မွန်သတင်း အေဂျင်စီ – မြန်မာနိုင်ငံ ဒေသအများအပြား၌ လယ်သမားများ၏ စိုက်ပျိုးမြေနှင့် တနိုင်စီးပွားရေး လုပ်ငန်းများကို စာရင်းပြုစုသည့် ၂၀၁၀ လယ်ယာသန်းခေါင်စာရင်းကို ကောက်ယူလျက် ရှိရာ လယ်မြေထိန်ချန်မှုများ မရှိစေရန် ကျယ်ပြန့်စွာ ကောက်ခံလျက် ရှိသည်ဟု သိရသည်။

    လယ်တလင်းတွင် တွေ့ရသည့် မွန်ပြည်နယ် ချောင်းဆုံမြို့နယ်မှ လယ်လုပ်သားများ (ဓါတ်ပုံ - လွတ်လပ်သော မွန်သတင်း အေဂျင်စီ)
    လယ်တလင်းတွင် တွေ့ရသည့် မွန်ပြည်နယ် ချောင်းဆုံမြို့နယ်မှ လယ်လုပ်သားများ (ဓါတ်ပုံ - လွတ်လပ်သော မွန်သတင်း အေဂျင်စီ)

    လယ်သမားများ အနေဖြင့် အစိုးရအပေါ် ယုံကြည်မှု အားနည်းနေသည့်အတွက် ယခုကောက်ယူသည့် စာရင်းများတွင် လစ်ဟာချက်များ ထိန်ချန်မှုများ ရှိနိုင်သေးသည်ဟု ၂၀၀၃ ခုနှစ် လယ်ယာသန်းခေါင်စာရင်း ကောက်ယူရာရာတွင် ပါဝင်ခဲ့သည့် တာဝန်ခံ အရာရှိဟောင်းတဦးက ဆိုသည်။

    “အစိုးရကနေ ဒီလိုကောက်တာကို လယ်သမားတွေက ဘဝင်မကျကြဘူး။ လယ်ဧက အတိအကျ ရသွားရင် အစိုးရက ပြန်လည် နှိပ်စက်မှာကို သူတို့ ကြောက်နေကြတယ်။ အဲဒါကို အခုထိ သူတို့စိတ်ထဲမှာ စွဲနေတုန်းပဲ” ဟု သူက ပြောသည်။ ယခင် ကောက်ယူမှုများတွင် လယ်သမားတို့က မြေယာစာရင်းကို ထိန်ချန်မှုများ ရှိခဲ့သည်ဟုလည်း သူက ပြောသည်။

    “ဟိုတုန်းကဆို လယ်သမားတွေက လယ်ဧကအမှန်ကို မဖော်ထုတ်ချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ လယ်ဧကပေါ်မှာ တွက်ပြီးတော့ အစိုးရက စပါးယူခဲ့တာကိုး” ဟု သူက ပြောသည်။

    လယ်သမားများသည် ယခင်အစိုးရလက်ထက် အဆက်ဆက်မှ ၂၀၀၄ ခုနှစ်အထိ အစိုးရထံသို့ မိမိတို့ လယ်ဧကအလိုက် မပေးမနေရ “တာ၀န်ကျေ စပါး” ပေးသွင်းခဲ့ကြရာတွင် ကာလပေါက်စျေးအတိုင်း မရဘဲ အစိုးရ သတ်မှတ်ထားသည့် စျေးနှုန်းအတိုင်းသာ ရောင်းချကြရသဖြင့် နစ်နာမှုများ ရှိခဲ့သည်။

    ၂၀၀၄ ခုနှစ်မှ စ၍ လယ်သမားများထံမှ စပါးမယူဟု တရားဝင် ကြေညာခဲ့သော်လည်း တပ်မတော်ရိက္ခာအဖြစ် လယ်ဧကပေါ် မူတည်၍ ကောက်ခံမှုများ ရှိနေဆဲ ဖြစ်သည်။

    ယခုစာရင်းကောက်ယူရာတွင် အိမ်ထောင်စုပုံစံ၊ လယ်ယာလုပ်ငန်း၊ စီးပွားဖြစ် တိရစ္ဆာန် မွေးမြူရေး၊ ငါးဖမ်းလုပ်ငန်းနှင့် ငါးမွေးမြူရေးလုပ်ငန်းတို့နှင့် ပတ်သက်သည့် အချက်အလက် ၅ မျိုးအပြင် လယ်လုပ်သည့် အိမ်ထောင်စုဝင် တဦးဦးမှ လယ်ကွင်း၊ မြစ်၊ ဆည်မြောင်း၊ ကန်၊ အင်း၊ အိုင်၊ ဒီရေရောက်ချောင်းတို့တွင် စားနပ်ရိက္ခာ ရှားပါးပါက အသုံးပြုသည့် ပစ္စည်း ကိရိယာများကိုလည်း စာရင်းပြုစုခဲ့သည်ဟု သိရသည်။

    “ဒီတခါကောက်တဲ့ စာရင်းထဲမှာ အရင်က ချန်ထားတဲ့ စာရင်းတွေကို မြေစာရင်းက ပြန်ပေါင်းထည့် လိုက်တယ်။ အရင်တုန်းက စပါးဒိုင်တွေ သွင်းရတော့ လယ်ရှင်တွေက မြေစာရင်းဌာန၊ ကျေးရွာဥက္ကဋ္ဌတွေနဲ့ ပေါင်းပြီး စာရင်းချန်ထားခဲ့တာ ရှိခဲ့တယ်လေ” ဟု ယခု အကြိမ် လယ်ယာသန်းခေါင်စာရင်း ကောက်ယူရာတွင် ပါ၀င်သည့် မွန်ပြည်နယ် မုဒုံမြို့နယ် တောင်ပိုင်းမှ ကျေးရွာ အုပ်ချုပ်ရေးမှူးတဦးက ပြောသည်။

    ယခုနှစ် လယ်ယာသန်းခေါင်စာရင်း ကောက်ခံရာတွင် ယခင်ကထက် ပိုမိုကျယ်ပြန့်စွာ ကောက်ခံလျက် ရှိသည်ဟု ယခင်က တခါမျှ စာရင်းမပေးခဲ့ဘူးသည့် လယ်ဧက ၃၀ ပိုင် မုဒုံမြို့နေ လယ်သမားတဦးက ပြောသည်။

    “ဒီတခါပဲ မြေစာရင်းက လာကောက်တယ်။ တယောက်ပဲ လာတယ်။ လယ်ဘယ်နှစ်ဧက လုပ်လဲ၊ ကျွဲ နွားရှိလား၊ ဘာနဲ့လုပ်လဲ မေးသွားတယ်” ဟု အထက်ပါ လယ်သမားက ပြောသည်။

    မြန်မာနိုင်ငံတွင် လယ်ယာ သန်းခေါင်စာရင်း ကောက်ယူမှုမှာ ယခုအကြိမ်သည် စတုတ္ထအကြိမ် ဖြစ်ပြီး ၁၉၅၃ ခုနှစ်၊ ၁၉၉၃ ခုနှစ်နှင့် ၂၀၀၃ ခုနှစ်တို့တွင်လည်း ကောက်ယူခဲ့သည်။

    ယခုနှစ် ကောက်ခံမှုတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုအတွင်းရှိ ခရိုင်ပေါင်း ၆၆၊ မြို့ပေါင်း ၂၉၁၊ မြို့နယ်ခွဲပေါင်း ၆၀၊ ရပ်ကွက်/ ရပ်ကွက်ခွဲပေါင်း ၂၄၉၆၊ ကျေးရွာအုပ်စုပေါင်း ၁၂၃၇၅၊ ကျေးရွာပေါင်း ၅၃၅၃၀ တို့တွင် စာရင်းကောက်ခြင်း ဖြစ်သည်ဟု မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks