Saturday, April 11, 2026
More
    spot_img
    Homeသတင်းဘီးလင်း တာ၀ါတိုင် ဖေါက်ခွဲမှု စွပ်စွဲချက် KNLA ငြင်းဆို

    ဘီးလင်း တာ၀ါတိုင် ဖေါက်ခွဲမှု စွပ်စွဲချက် KNLA ငြင်းဆို

    -

    မိကျဲဂို – ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA ၏ လက်ချက်ကြောင့် မွန်ပြည်နယ် ဘီးလင်းမြို့နယ်ရှိ လျှပ်စစ် မဟာဓါတ်အားပေး တာ၀ါတိုင်တတိုင် ပေါက်ကွဲခဲ့ရသည်ဟု မော်လမြိုင် လျှပ်စစ်ဌာန၏ စွပ်စွဲချက်ကို KNLA က ငြင်းဆိုလိုက်သည်။

    မော်လမြိုင်မြို့တွင် မီးပြတ်တောက်နေပြီး တက္ကသိုလ် နှင့် ပထမပြန် စာမေးပွဲ၊ ဓမ္မာစရိယ စာမေးပွဲများ ဖြေဆိုချိန်နှင့် တိုက်ဆိုင်နေသည့်အတွက် ဆူပူမှုများ မဖြစ်ပွားအောင် လျှပ်စစ်အင်ဂျင်နီယာရုံးမှ KNLA ဖေါက်ခွဲမှုကြောင့် မဟာဓါတ်အားပေး တာဝါတိုင် ပျက်စီးခဲ့ကြောင်း သတင်းလွှင့်ထားသည်ဟု မော်လမြိုင် မြို့ခံများက ပြောသည်။

    “အဲဒီပေါက်ကွဲတဲ့နေရာက ကျနော်တို့နယ်မြေလည်း မဟုတ်ဘူး၊ ကျနော်တို့လူလည်း မရှိဘူး။” ဟု KNLA တပ်ရင်း ၁၀၁ မှ ဒုဗိုလ်မှူးကြီး တီဖောဒို က ပြောသည်။

    သို့သော် ဘီးလင်းမြို့နယ်သည် KNLA တပ်မဟာ ၁ လှုပ်ရှားရာ နယ်မြေ ဖြစ်သည့် သံလွင်မြစ် အနောက်ဖက်ခြမ်းတွင် အကျုံးဝင်သည်ဟု လေ့လာသူများက ဆိုသည်။

    လောပိတမှ ဖြန်းဖြူးသည့် ဘီးလင်းမြို့အနား အမြှောက်တပ်ရင်း အနီးရှိ မဟာဓာတ်အားလိုင်း တာဝါတိုင်တတိုင် မတ်လ၂၅ ရက်နေ့ နံနက် ၂ နာရီတွင် ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

    “အသံ စကြားတုန်းက ကားဘီး ပေါက်တာပဲ ထင်နေတာ။ နောက်ကြမှ တာဝါတိုင် ပေါက်ကွဲမှန်း သိတာ” ဟု ဘီးလင်းမြို့ခံတဦးက ပြောသည်။ ယခု ဓာတ်အားပေးလိုင်း ပေါက်ကွဲမှုမှာ ဘီးလင်းမြို့နယ်အတွင်း ပထမဦးဆုံးအကြိမ် ဖြစ်သည်ဟုလည်း သူက ပြောသည်။

    ပေါက်ကွဲမှုကြောင့် ဘီးလင်း၊ သထုံ၊ ပေါင်နှင့် မော်လမြိုင်မြို့နယ်များတွင် လျှပ်စစ်ဓါတ်အားများ ပြတ်တောက်ခဲ့ရသည်။ မြန်မာ့ လျှပ်စစ် ဓာတ်အားပေးဌာနမှ သွားရောက် ပြုပြင်နေကြောင်း မော်လမြိုင်မြို့နယ် လျှပ်စစ်ဌာနက ပြောသည်။

    ဘီးလင်းမြို့ခံတဦးက “အခုလောလောဆယ် အဲဒီ ပြိုကျနေတဲ့ တာဝါတိုင်ကို လျှပ်စစ်ဌာနက လာပြင်နေတယ်။ ၃ ရက် ၄ ရက်လောက် နေရင် မီးလာတော့မယ်လို့ ပြောတယ်” ဟု ပြောသည်။

    တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုစဉ် ယခုလ ၇ ရက်နေ့နှင့် ၈ ရက်နေ့တွင်လည်း ၂ ရက်ဆက်တိုက် လျှပ်စစ်မီး ပြတ်တောက်ခဲ့ခြင်းကြောင့် မော်လမြိုင် တက္ကသိုလ် ကျောင်းသား အယောက် ၅၀ ခန့် မော်တော်ဆိုင်ကယ် ကိုယ်စီဖြင့် မြို့လှည့်ကာ ငန်းတေးလျှပ်စစ်ဓါတ်အားပေးစက်ရုံနှင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးကို ခဲဖြင့် ပစ်ပေါက်ခဲ့ကြသေးသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,500SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks