Saturday, March 14, 2026
More
    spot_img
    Homeသတင်းရပ်ရွာခေါင်းဆောင်ကို ဒီမိုကရေစီနည်းဖြင့် ရွေးချယ်လို

    ရပ်ရွာခေါင်းဆောင်ကို ဒီမိုကရေစီနည်းဖြင့် ရွေးချယ်လို

    -

    မိကျဲဂို – နိုင်ငံတော် အုပ်ချုပ်ရေးတွင် အခြေခံ အကျဆုံး ဖြစ်သည့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် ပြည်သူများက ၄င်းတို့ဆန္ဒအလျှောက် ကြိုက်နှစ်သက်သူကို ကိုယ်တိုင် မဲပေး ရွေးချယ်စေလိုသည်ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ က ပြောကြားလိုက်သည်။

    “ပြည်သူတွေက အများဆန္ဒနဲ့ ရွေးချယ် စေချင်တယ်။ ဒါပေမဲ့ မြို့နယ် အုပ်ချူပ်ရေးမှူးက ရွေးချယ်မယ် ဆိုတော့ အများဆန္ဒ မဖြစ်တော့ဘူး၊ တမျိုး ဖြစ်နေတာပေါ့” ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ပြည်နယ်လွှတ်တော်အမတ် ဒေါက်တာမင်းနွယ်စိုးက ပြောသည်။

    အထက်မှ ရွေးချယ် ခန့်အပ်ပါက ပြည်သူများ မျှော်မှန်းထားသည့်အတိုင်း ဖြစ်မလာနိုင်သည့်အပြင်၊ လက်ရှိ ကျေးရွာများအတွင်း အုပ်ချုပ်နေသူ အများစုကိုလည်း ပြည်သူများက သဘောမကျသည့်အတွက် အပြောင်းအလဲကို လိုလားကြခြင်း ဖြစ်ကြောင်း ဒေါက်တာမင်းနွယ်စိုးက ပြောသည်။

    စစ်အစိုးရ အာဏာသိမ်းပြီးစ ၁၉၈၉ ခုနှစ် န၀တ အစိုးရလက်ထက် ထုတ်ပြန်ထားသော ညွှန်ကြားချက်ထဲ၌ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်သူများ ရွေးချယ်ရာတွင် မြို့နယ် အဖွဲ့၀င်များက “ကျေးရွာအုပ်စုရှိ ပြည်သူများနှင့် မျက်နှာစုံညီ လက်ဖက်ရည်ဝိုင်းဖြင့် ထိတွေ့ ရွေးချယ်ရန်” ဟု ပါရှိသည်။

    ထို့ပြင် ရပ်ကွက်/ကျေးရွာအုပ်စု သံဃနာယကအဖွဲ့မှ ဆရာတော်များထံ တင်ပြလျှောက်ထား၍ သဘောထားရယူရန်၊ ရွေးချယ်ရာတွင် အဖွဲ့ဝင် ၃ ဦးနှင့် အရန်အဖွဲ့ဝင် ၃ ဦး လျာထား ရွေးချယ်တင်ပြရန် ဖြစ်ပြီး၊ ၄င်းတို့အထဲမှ တဦးကို ဥက္ကဋ္ဌအဖြစ် မြို့နယ်မှ ရွေးချယ် တာဝန်ပေးရန် ဟုလည်း ပါရှိသည်။

    သို့သော် ယခင်ကတည်းက ယင်းလုပ်ထုံးလုပ်နည်းများဖြင့် ရွေးချယ်ခဲ့ခြင်း မရှိဟု ရပ်ရွာခေါင်းဆောင် လုပ်ခဲ့ဖူးသူ တဦးက ဆိုသည်။

    “အဲဒီ့ အချက်တွေ တခုမှ မပါဘူး။ မြို့နယ် မယက က ရွေးချယ် ပြီးတော့၊ သူ့လူနဲ့သူ ဆွဲထည့်လိုက်တာပဲ” ဟု မုဒုံမြို့နယ်အတွင်းရှိ ကျေးရွာတရွာမှ ဥက္ကဋ္ဌဟောင်းက ပြောသည်။

    ရပ်ရွာ အုပ်ချူပ်ရေးမှူး အရည်အချင်း သတ်မှတ်ချက် ၁၀ ချက် ရှိသည့်အနက်် မည်သည့်နိုင်ငံရေး အဖွဲ့အစည်းတွင်မှ ပါဝင်ခဲ့သူ မဖြစ်စေရ၊ အစိုးရအဖွဲ့ အဆက်ဆက်တွင် နေရာယူခဲ့ကြသော ပွဲလန့်ဖျာခင်းသူများ မဖြစ်စေရ၊ မြို့နယ်အဖွဲ့အစည်းသို့ ချဉ်းကပ်၍ အခွင့်အရေးကို လက်ဦးမှု ရရှိတတ်သူများ မဖြစ်စေရ၊ ပြစ်မှုကျူးလွန်သူများ ပြစ်ဒဏ်ကျခံရသူများ ဆိုးသွမ်းသူများနှင့် ရပ်ရွာလူထု၏ ကြည်ညိုလေးစားမှု မရှိသူများ မဖြစ်စေရ စသော အချက်များ ပါဝင်သည်။

    ရပ်ရွာ အုပ်ချုပ်ရေးမှူး ရာထူးအတွက် ရာထူးသက်တမ်း၊ အကြိမ်အရေအတွက် သတ်မှတ်ချက် မရှိဟု ပြည်ထဲရေးဝန်ကြီး ဦးမောင်ဦး၏ ပြောကြားချက်ကို ယမန်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြခဲ့သဖြင့်၊ စစ်အစိုးရနှင့် အဆင်ပြေသော ယခင်လူဟောင်းများကိုပင် ပြန်လည်ခန့်အပ်လိမ့်မည်ကို မွန်ပြည်သူများက စိုးရိမ်နေကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks