Saturday, March 14, 2026
More
    spot_img
    Homeသတင်းကန်ဘောက်-မြိုင်ကလေး ဓါတ်ငွေ့ပိုက်လိုင်း အသစ်ပြန်သွယ်

    ကန်ဘောက်-မြိုင်ကလေး ဓါတ်ငွေ့ပိုက်လိုင်း အသစ်ပြန်သွယ်

    -

    ဟောင်းဒိန်း – အရည်အသွေး မကောင်းခြင်း၊ သွယ်တန်းမှု နည်းပညာ အားနည်းခြင်းကြောင့် မကြာခဏ ယိုစိမ့်နေသည့် ကန်ဘောက်-မြိုင်ကလေး ဓါတ်ငွေ့ပိုက်လိုင်းကို အသစ်ပြန်လည်သွယ်တန်းလျက် ရှိသည်။

    ကန်ဘောက်မှ မြိုင်ကလေးသို့ သွယ်တန်းရန်အတွက် မွန်ပြည်နယ်တွင် ချထားသည့် ဓါတ်ငွေ့ပိုက်လိုင်းများ (ဓာတ်ပုံ- လွတ်လပ်သော မွန်သတင်းအေဂျင်စီ)

    တနင်္သာရီတိုင်းမှ မွန်ပြည်နယ်ကို ဖြတ်ကာ ကရင်ပြည်နယ်သို့ သွယ်တန်းထားသည့် ၎င်းဓါတ်ငွေ့ပိုက်လိုင်းကို မတ်လ ၃ ရက်နေ့မှ ယနေ့တိုင် မွန်ပြည်နယ် မုဒုံမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်တွင် သွယ်တန်းလျက် ရှိပြီး၊ ဂဟေဆော်သည့်စက်များနှင့် မြေထိုးစက်များကိုလည်း တွေ့ရသည်။

    ပိုက်လိုင်းသစ် ပြန်လည်သွယ်တန်းခြင်းကြောင့် မုဒုံမြို့နယ်တွင် ခြံမြေ လယ်မြေ ဧက ၂၀၀ ခန့် ပျက်စီးခဲ့ပြီး ဆက်လက်ဖျက်ဆီးခံရဦးမည်ဟုလည်း ထိုဒေသမှ လယ်မြေ ဖျက်ဆီးခံရသူ နိုင်ထွန်းက ပြောသည်။

    “ကျနော့်မြေ ၄ ဧကလောက် ရှိတယ်။ ၂ ဧကလောက် ဖျက်ဆီးခံရတယ်။ ကျနော့်မြေ ဖျက်ဆီးခံရသလို တခြားခြံပိုင်ရှင်တွေလည်း ဖျက်ဆီးခံရတာပဲ။ ဘာလျော်ကြေးမှ မရဘူး” ဟု မုဒုံမြို့နယ် ဆက်သွယ်ရွာမှ နိုင်ထွန်းက ပြောသည်။

    ယခင်ဓါတ်ငွေ့ပိုက်လိုင်းဟောင်းကို ပြန်လည်ပြုပြင်ခြင်း မဟုတ်ပဲ အသစ်သွယ်တန်းခြင်း ဖြစ်ပြီး မြေတူးစက်များ ဝင်နိုင်ရန် လမ်းများ ဖောက်လုပ်ခြင်းကြောင့် လယ်မြေ ခြံမြေများ ဖျက်ဆီးခံရခြင်း ဖြစ်သည်။

    “ဒီမြေဟာ ကျနော်တို့ရဲ့ ထမင်းအိုးပဲ။ ကျနော့်မှာ ခြံမရှိဘူး၊ ဒီလယ်ကိုပဲ အားကိုးနေရတာ။ အခုလို ဖျက်ဆီးခံလိုက်ရတာ ထမင်းအိုး ကွဲသွားသလိုပဲ။ ကျနော်က ထိုင်းနိုင်ငံမှာ အလုပ်သွားမလုပ်ချင်ဘူး၊ ဒါပေမဲ့ အခုလို ဖြစ်သွားပြီဆိုတော့ မသွားလို့ မရတော့ဘူး” ဟု သူက ဆက်ပြောသည်။

    ဓါတ်ငွေ့ပိုက်လိုင်း သွယ်တန်းမှု ညံ့ဖျင်းခြင်းကြောင့် ပျမ်းမျှတလ တကြိမ် ဓါတ်ငွေ့ ယိုစိမ့်မှု၊ ပိုက်လိုင်း ပေါက်ကွဲမှု ဖြစ်ပွားလျက် ရှိကြောင်း ပိုက်လိုင်းနှင့် ပတ်သက်သည့် အချက်အလက် ကောက်ခံခဲ့သူတဦးက ပြောသည်။

    ပိုက်လိုင်းပေါက်ကွဲမှု ဖြစ်ပေါ်တိုင်း ဒေသခံပြည်သူများ နှိပ်စက်ညှင်းပမ်းခံရပြီး အဓမ္မလုပ်အားပေး ခိုင်းစေခြင်းနှင့် ငွေကြေးပေးဆောင်ရခြင်းများလည်း ရှိသည်။ အများဆုံးမှာ မုဒုံမြို့နယ်တွင် ကြုံတွေ့ရသည်။

    အရှည် ၁၈၀ မိုင်ရှိသည့် ကန်ဘောက်-မြိုင်ကလေး ဓါတ်ငွေ့ပိုက်လိုင်းကို ၂၀၀၀ ပြည့်နှစ်တွင် စတင်သွယ်တန်းခဲ့ပြီး ကရင်ပြည်နယ်ရှိ ဘားအံမြို့နယ်ရှိ မြိုင်ကလေး ဘိလပ်မြေစက်ရုံ၊ မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ ငန်းတေးလျပ်စစ်ဓါတ်အားပေးစက်ရုံ၊ သထုံလျှပ်စစ်ဓါတ်အားပေးစက်ရုံနှင့် ရန်ကုန်မြို့သို့ တနေ့လျှင် ဓာတ်ငွေ့ကုဗပေ ၁၁၀ သန်း ပေးပို့လျက် ရှိသည်။

    ဓါတ်ငွေ့ပိုက်လိုင်း သွယ်တန်းခြင်းကြောင့် မြေသိမ်းခံရခြင်း၊ အဓမ္မလုပ်အားပေး စေခိုင်းခံရခြင်း၊ နေရပ်စွန့်ခွာ ထွက်ပြေးရခြင်း စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုပေါင်း များစွာကို ဒေသခံပြည်သူများ ကြုံတွေ့ကြရကြောင်း လူ့အခွင့်အရေး မြှင့်တင်ရေးအဖွဲ့ (မွန်ပြည်) က ဆိုသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks