spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်တွင် ဆန်စျေးမြင့်တက်

    မွန်ပြည်နယ်တွင် ဆန်စျေးမြင့်တက်

    -

    ရိုင်မရော့၊ လွတ်လပ်သော မွန်သတင်းအေဂျင်စီ – မွန်ပြည်နယ်အတွင်းတွင် ဆန်စျေးမြင့်တက်နေပြီး နောက်ထပ်တက်ရန်လည်း အလားလာရှိသည်ဟု ဆန်ကုန်သည်တို့က ပြောဆိုနေကြသည်။

    ဆန်တင်အလုပ်သမားများ ကားပေါ်တင်နေစဉ် (ဓာတ်ပုံ- အင်တာနက်)

    “ဆန်စျေးတက်တာက စပါးသိမ်းချိန်မှာ မိုးထိထားတာပေါ့နော် စပါးအထွက်လည်း နည်းတယ် ပြီးတော့ အခုဆို ကျမတို့ စပါးဝယ်ပြီး ပြန်ကြိတ်တယ် မိုးထိထားတဲ့ စပါးမို့လို့ ဆန်ကမလှဘူး၊ အပျက်အစီး ကများတယ်၊ ဆန်ချောနည်းနည်း ပဲရတယ်။ အဲဒါကြောင့် အရင်းပြန်ရအောင်တော့ ဆန်စျေးကို မြှင့်ရောင်းရတာ” ဟု မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်း ဆန်ရောင်းဝယ်ဖြန့်ဖြူးသည့်ကုန်သည် အမျိုးသမီးတစ်ဦးက ပြောသည်။

    လွန်ခဲ့သည့် စပါးကောက်သိမ်းချိန်တွင် မိုးကြောင့် စပါးထက်ဝက်နီးပါး ပျက်စီးမှုရှိခဲ့သည့်အတွက် ယခုကဲ့သို့ ဆန်စျေး၊ စပါးစျေးများတက်လာသည်ကြောင်း သိရသည်။

    “နောက်ပြီးတော့ မြန်မာနိုင်ငံကဆန်တွေ ပြည်ပကို တင်ပို့များလာတာလည်း ဖြစ်တယ်။ အခုက မွန်ပြည်နယ်မှာ မကဘူး တခြားဒေသတွေမှာလည်း တက်တာပဲ။ ဥပမာဆို ရန်ကုန်၊ ပုသိမ်က ပေါ်ဆန်မွှေးတွေဆို အများကြီးကို တက်သွားတာ” ဟု ဆန်ကုန်သည် အမျိုးသမီးတစ်ဦးက ပြောသည်။

    ဆန်စျေးသည် တစ်တင်းခွဲဝင် မိုးပုလဲဆန်မွှေးတစ်အိတ်လျှင် ယခင်က ၃၀၀၀၀ ကျပ်ရှိခဲ့ရာ ယခုတွင် ၃၇၅၀၀ ကျပ်ရှိပြီး ၂ တင်းဝင် ကောက်ကြီးဆန်တစ်အိတ် ၃၂၀၀၀ ကျပ်မှာ ယခုတွင် ၃၂၅၀၀ ကျပ်တက်သွားသည်။

    “ဒီနှစ်မှာ စပါးကောင်းတယ် ဒါပေမယ့် ကောက်သိမ်းခါနီးမှာတော့ မိုးဆက်တိုက် ရွာချတော့ ဘာမှ လုပ်လို့မမီဘူး စပါးတွေ တဝက်လောက်ပျက်စီးသွားတယ် လယ်သမားတိုင်းပဲ တဝက် တဝက်လောက် လျော့ကြတယ်ဆိုတော့ စပါးစျေးက တက်မှာပေါ့” ဟု လယ် ၁၀ ဧကပိုင် မုဒုံမြို့နယ်မှ လယ်သမား ဦးထွန်းဦးက ပြောသည်။

    ဆန်စျေးသည် ယခုလက်ရှိ တက်နေသည့်စျေးနှုန်းထက် ထပ်တက်ရန်ရှိကြောင်းလည်း မော်လမြိုင်မြို့ပေါ်ရှိ ဆန်ရောင်းဝယ်သူတစ်ဦး၏ ပြောပြချက်ကို ကိုးကားပြီး ဆန်ဝယ်သူ အမျိုးသမီးတစ်ဦးက ပြန်လည်ပြောပြသည်။

    ယခုလက်ရှိမှာ ဆန်စျေး၊ စပါးစျေးသာမက တခြားစားသောက်ကုန်တွေလည်းစျေးတက်နေပြီး၊ စက်သုံးဆီစျေးလည်း မြင့်တက်နေကြောင်း သိရသည်။

    ပြည်တွင်းဆန်စျေးနှုန်းမြင့်တက်နေခြင်းကို တည်ငြိမ်လာအောင် ဖေဖော်ဝါရီလ နောက်ဆုံးအပတ်မှစပြီး ပြည်ပသို့ ဆန်တင်ပို့မှုကို ယာယီရပ်ဆိုင်းထားကြောင်း (Weekly-eleven) ဂျာနယ်တွင် ဖော်ပြထားသည်။

    အစိုးရ၀န်ထမ်းလစာများ တိုးမြှင့်မည်ဆိုသောသတင်း၊ ကုန်တင်ယာဉ်များ အာဆီယံ စံချိန်စံညွှန်းနှင့်အညီ တန်ပို တင်ဆောင်ခွင့်မပြုမှု၊ ရွှေ၊ ဒေါ်လာနှင့် စက်သုံးဆီစျေးများ တက်လာခြင်းနှင့် နအဖ ထိပ်သီးခေါင်းဆောင်များအတွင်း အပြောင်းအလဲ ကောလဟာလများ ထွက်ရှိမှုတို့ကြောင့် ဖေဖော်၀ါရီလတွင် ဆန်စျေးနှုန်းများ ထိုးတက်ခဲ့သည်ဟု ဧရာဝတီသတင်းစာမျက်နှာတွင် ဖော်ပြထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks