spot_img
Saturday, July 12, 2025
More
    spot_img
    Homeသတင်းမွန်ပါတီ လူငယ်အရည်အချင်းမြှင့်သင်တန်း ဖွင့်မည်

    မွန်ပါတီ လူငယ်အရည်အချင်းမြှင့်သင်တန်း ဖွင့်မည်

    -

    လွတ်လပ်သော မွန်သတင်း အေဂျင်စီ – အဖွဲ့အစည်းများတွင် ပါဝင်လှုပ်ရှားနေသည့် လူငယ် ၁၃၀ ဦး ပါဝင်သည့် အရည်အချင်းမြှင့်တင်ရေး သင်တန်းတရပ်ကို မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက ဖွင့်လှစ်မည် ဖြစ်ကြောင်း ပါတီခေါင်းဆောင်က ပြောသည်။ 

    မွန်ဒေသလုံးဆိုင်ရာ ပါတီဝင်များ မဲဆွယ်စည်းရုံးရေး ဆင်စဉ်ကာလ ( ဓာတ်ပုံ- လွတ်လပ်တော် မွန်သတင်းအေဂျင်စီ)

    ၄င်းသင်တန်းတွင် ဒီမိုကရေစီ၊ ပါလီမန်နှင့် သက်ဆိုင်သော အကြောင်းအရာများ၊ ဗဟိုချုပ်ကိုင်မှု လျှော့ချရေးအကြောင်းအရာများ ပါဝင်ပြီး ပြည်တွင်း NGO တခုဖြစ်သည့် Myanmar Egress အဖွဲ့ကို သင်တန်းပေးရန် ဖိတ်ခေါ်ထားကြောင်း ပါတီ ဥက္ကဌ နိုင်ငွေသိမ်းက ပြောသည်။

    သင်တန်းကာလမှာ ၄ ရက်သာ ဖြစ်ပြီး လာမည့် မတ်လလယ်တွင် စတင်မည် ဖြစ်ကြောင်း၊ မော်လမြိုင်မြို့ရှိ မွန်ဓမ္မာရုံတွင် ဖွင့်လှစ်မည်ဖြစ်ပြီး မွန်ဒေသအသီးသီးမှ လူငယ်များကို ခေါ်ယူသင်ကြားသွားမည် ဖြစ်ကြောင်း သိရသည်။

    “လူငယ် အများစုက ဒီမိုကရေစီအကြောင်း၊ ပါလီမန်အကြောင်း၊ ဗဟိုချုပ်မှု လျော့ချရေးအကြောင်းကို သိပ်မပြောရဲကြဘူး၊ ဒီအကြောင်း သူတို့ သိပ်မသိကြဘူး၊ ဒါကြောင့် သူတို့ရဲ့ အရည်အသွေးကို မြှင့်တင်ပေးဖို့ ဒီသင်တန်းကို ကျနော်တို့ စီစဉ်ရတာပါ” ဟု နိုင်ငွေသိမ်းက ပြောသည်။

    ပါတီ၏ ရှေ့လုပ်ငန်းစဉ်များ ချမှတ်ရန်နှင့် သင်တန်းဖြစ်မြောက်ရေးအတွက် ယနေ့တွင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ပါတီဝင် ၈၀ တို့က အစည်းအဝေး ကျင်းပခဲ့သည်။

    “ကျနော်တို့မှာ ငွေအလုံအလောက် မရှိဘူး၊ သင်တန်းသားတွေ ဘုန်းကြီးကျောင်းမှာ တည်းရလိမ့်မယ််၊ အဲဒီအတွက်လည်း ကျနော်တို့ အရင်စီစဉ်ရဦးမယ်” ဟု နိုင်ငွေသိမ်းက ပြောသည်။

    လွန်ခဲ့သည့် ၂ လ ခန့်တွင်လည်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက ပါတီဝင် ၁၀၀ ကို အရည်အသွေး မြှင့်တင်ရေးသင်တန်း ပေးခဲ့သေးသည်။

    နိုဝင်ဘာလ ၇ ရက်နေ့တွင် ပြုလုပ်သည့် ရွေးကောက်ပွဲတွင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါက ကိုယ်စားလှယ် ၃၄ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၁၆ ဦး အနိုင်ရရှိခဲ့သည်။

    ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲတွင် အဓိကပြိုင်ဘက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၁၄ နေရာ အနိုင်ရရှိခဲ့ပြီး၊ မွန်ပါတီက ၇ နေရာ အနိုင်ရခဲ့သည်။

    မကြာမီက မွန်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် အရွေးခံရသည့် ဦးအုန်းမြင့် တင်သွင်းသည့် ပြည်နယ်ဝန်ကြီး အမည်စာရင်း ၉ ဦးတွင် မွန်ပါတီက ၂ ဦး ပါဝင်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၅ ဦး ပါဝင်သည်။ ကျန် ၂ ဦးမှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ အမတ်နှင့် တပ်မတော်သား ကိုယ်စားလှယ်တို့ ဖြစ်ကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    35,700SubscribersSubscribe
    spot_img

    Latest posts