spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းတက္ကသိုလ်ဝင်တန်း စာမေးပွဲအတွက် ကေအင်ယူ ကားလမ်းဖွင့်

    တက္ကသိုလ်ဝင်တန်း စာမေးပွဲအတွက် ကေအင်ယူ ကားလမ်းဖွင့်

    -

    လွတ်လပ်သော မွန်သတင်း အေဂျင်စီ – ဘုရားသုံးဆူမြို့မှ တက္ကသိုလ်ဝင်တန်း ကျောင်းသူ/သားများ ကြာအင်းဆိပ်ကြီးမြို့တွင် စာမေးပွဲ ဖြေဆိုရန်အတွက် ကရင်အမျိုးသား အစည်းအရုံး (ကေအင်ယူ) က ပိတ်ထားသောလမ်းကို ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့မှ ၂၇ ရက်နေ့အထိ ပြန်လည်ဖွင့်ပေးခဲ့သည်။

    သုံးဆူ-သံဖြူဇရပ်လမ်း ပြေးဆွဲနေသည့် မော်တော်ကားတစီး ( ဓာတ်ပုံ-လွတ်လပ်သောမွန်သတင်းအဂျင်စီ )

    စစ်အစိုးရက ထိုးစစ်ဆင်နေခြင်းကြောင့် ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့မှ ကေအင်ယူ ထိန်းချုပ်နယ်မြေကို ဖြတ်ကာ ပြည်တွင်းသို့ ပြေးဆွဲနေသော မော်တော်ကားလမ်း သုံးလမ်းကို ဒီဇင်ဘာလ ၁၀ ရက်နေ့မှ ကေအင်ယူ က ပိတ်ထားခဲ့ရာမှ သုံးဆူ-ခလယ် တံခွန်တိုင်လမ်းနှင့် သုံးဆူ-ကြာအင်းဆိပ်ကြီးလမ်းနှစ်လမ်းကို ဖွင့်ပေးခြင်း ဖြစ်သည်။

    ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် တပ်မဟာ ၆ မှ အရာရှိတဦးက လမ်းဖွင့်ပေးသည်မှာ ဟုတ်မှန်ကြောင်း ပြောသည်။ သို့သော် မည်သည့်အကြောင်းကြောင်း ဖွင့်ပေးသည်ကို ဖြေဆိုရန် ငြင်းဆန်ခဲ့သည်။

    သုံးဆူမြို့ခံတဦးကမူ “ကျောင်းသားတွေ ကြာအင်းဆိပ်ကြီးမှာ စာမေးပွဲ ဖြေရမယ်၊ ကရင်ကျောင်း (ဓမ္မဟေဝန် ပရဟိတကျောင်း) ဆရာတော်က ကေအင်ယူနဲ့ သွားညှိထားလို့ လမ်းဖွင့် ပေးလိုက်တာ ဖြစ်မယ်” ဟု ပြောသည်။

    ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့တွင် ဓမ္မဟေဝန် ပရဟိတကျောင်း ဘုန်းတော်ကြီးကိုယ်တိုင် ဦးဆောင်ပြီး ကြာအင်းဆိပ်ကြီးမြို့သို့ ကျောင်းသူ/သားများကို ပို့ဆောင်မည်ဟု ကျောင်းသားမိဘတဦးက ပြောသည်။

    တက္ကသိုလ်ဝင်တန်း ကျောင်းသူ/သား ၈၃ ဦး၊ ဆရာ ဆရာမ ၁၀ ဦးနှင့်အတူ ကျောင်းသားမိဘများ ကိုယ်စား ၂ ဦးလည်း ပါဝင်မည် ဖြစ်ပြီး သွားလာရေးနှင့် စားစရိတ်အတွက် ကျောင်းသူ/သားတဦးလျှင် ထိုင်းငွေ ၃၅၀၀ ဘတ် ထည့်ဝင်ရကြောင်း သူက ပြောသည်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၇ ရက်နေ့ စတင် ဖြေဆိုမည် ဖြစ်သည်။

    ဘုရားသုံးဆူနယ်စပ်မှ ပြည်တွင်းသို့ သွားသည့် မော်တော်ကားလမ်း ၄ လမ်း ရှိပြီး ကေအင်ယူ ထိန်းချုပ်နယ်မြေကို ဖြတ်သည့် သံဖြူဇရပ်လမ်း၊ ခလယ် တံခွန်တိုင်လမ်း၊ ကြာအင်းဆိပ်ကြီးလမ်း ၃ လမ်းနှင့် မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေကို ဖြတ်သည့် ရေးလမ်း ၁ လမ်း ဖြစ်သည်။

    ကေအင်ယူက လမ်းများကို ပိတ်ပြီးနောက် မွန်ပြည်သစ်ပါတီ နယ်မြေအတွင်း ဖြတ်သည့်လမ်းကိုသာ အသုံးပြုကြသည်။ လမ်း ၄ လမ်းအနက် ရေးလမ်းသည် ခရီးလမ်းအကြမ်းဆုံးလမ်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks