Homeသတင်းချောဆွဲခံကားများ ပြန်ရန် သုံးဆူကားသမားများထံ ငွေကောက်ခံ

ချောဆွဲခံကားများ ပြန်ရန် သုံးဆူကားသမားများထံ ငွေကောက်ခံ

-

သူရိန်၊ ဂျူရီချိုင်း – ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့သို့ စစ်လက်နက် ခဲယမ်းများနှင့် ရိက္ခာများ တင်ဆောင်လာသည့် ချောကားများ မွန်ပြည်နယ် သံဖြူဇရပ်မြို့သို့ ပြန်ရန်အတွက် ယမန်နေ့ညနေ ၄ နာရီခန့်တွင် သုံးဆူမြို့ရှိ မော်တော်ကားပိုင်ရှင်များထံမှ ငွေကြေး ကောက်ခံခဲ့သည်။

ချောဆွဲခံရသည့် ကုန်တင်ကားများ ဘုရားသုံးဆူမြို့သို့ ဝင်လာစဉ်

အာဏာပိုင်အဖွဲ့အစည်းများနှင့် စစ်အစိုးရတပ် ခလရ ၂၈၃ တပ်ရင်းများက ၁၀ ဘီးကား တစီးလျှင် ထိုင်းငွေ ၂၇၀၀ ဘတ်နှင့် ကျန်ကားများကို တစီးလျှင် ၈၀၀ ဘတ်မှ ၁၀၀၀ ဘတ်အထိ ကောက်ခံခဲ့သည်။

သုံးဆူမြို့တွင် မော်တော်ကား အစီး ၁၆၀ ကျော် ရှိပြီး၊ ၁၀ ဘီးကား အစီး ၆၀ ခန့်ရှိသည်။ စုစုပေါင်း ထိုင်းဘတ်ငွေ ၂ သိန်းခွဲကျော် (မြန်မာငွေ သိန်း ၇၀ ခန့်) ကောက်ခံရရှိမည်ဟု ခန့်မှန်းရသည်။

“သူတို့ကောက်သလောက် ကိုယ်က ပေးရတယ်၊ ချက်ချင်းပဲ၊ မရှိလည်း ရအောင်ရှာပြီး ပေးရမှာပဲ” ဟု ကားသမားတဦးက ပြောသည်။

ဖေဖေါ်ဝါရီလ ၄ ရက်နေ့တွင် စစ်လက်နက် ခဲယမ်းများနှင့် စစ်ရိက္ခာများ တင်ဆောင်လာသည့် မော်တော်ကား ၃၂ စီး ဘုရားသုံးဆူမြို့သို့ ရောက်ရှိလာသည်။ ၎င်းတွင် သံဖြူဇရပ်မြို့နယ်မှ ချောဆွဲခံရသည့် ၆ ဘီးကား ၁၀ စီးခန့် ပါသည်။ ချောဆွဲခံရသည့် ကားများသည် ဇန်နဝါရီ လလယ်ခန့်မှ ဆွဲခံရပြီး လမ်းတွင် သီတင်းပတ် ၂ ပတ်ခန့် ကြာမြင့်ခဲ့သည်။

ထိုကားများအားလုံး ယမန်နေ့ ဖေဖော်ဝါရီလ ၇ ရက် ညနေ ၄ နာရီခန့်တွင် သုံးဆူမြို့မှ ပြန်လည်ထွက်ခွာသွားကြပြီ ဖြစ်ကြောင်း မျက်မြင် သုံးဆူမြို့ခံတဦးက ပြောသည်။

ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ဘုရားသုံးဆူမြို့ အနောက်ဘက် မိုင် ၂၀ ခန့်အကွာရှိ အပလုံကျေးရွာတွင် စစ်အစိုးရတပ် ခမရ ၅၆၆ တပ်ရင်း နှင့် ကေအင်ယူ တပ်ရင်း ၁၆ ခွဲ ၂ တို့ တိုက်ပွဲဖြစ်ပွားပြီး ကားသမား ၂ ဦး သေဆုံးခဲ့သည်။

ကားသမားနှစ်ဦး သေဆုံးသွားပြီးနောက် ကားသမား ငှားရန်အတွက် ခမရ (၄၀၂) တပ်ရင်း စစ်ကြောင်းနှင့် ခမရ (၄၀၆) တပ်ရင်း စစ်ကြောင်းများက အိမ်ခြေ ၁၆၀ ကျော်ရှိ ချောင်းဆုံကျေးရွာတွင် မော်တော်ကားရှိသည့် နေအိမ်များကို တစ်အိမ်လျှင် ၅၀၀ ဘတ်နှင့် ကျန်သောနေအိမ်များကို ဘတ် ၅၀ လိုက်လံကောက်ခံခဲ့ကြောင်း ချောင်းဆုံရွာသူတဦးက ပြောသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts